သည်လိုဖြင့် ပျိုပျို အိုအို ပုပုရွရွအားလုံး ယစ်သမားတွေ ဖြစ်ကုန်၏

0
601

ကယ်တော်မူပါ ဝန်ကြီးခင်ဗျာ..
ကျွန်တော်မျိုး နှစ်သက်လှတဲ့ မြိတ်ကပ်ကြေးကိုက် ဈေးတက်ပါတော့ မယ်။ ကျွန်တော်မျိုးရဲ့ အိမ်သူသက်ထား တစ်နေ့ ၂ ပွဲနဲ့အထက်စားတဲ့ ထားဝယ် မုန့်လက်သုပ်လည်း ဈေးကြီးလာပါ တော့မယ်။

ဘာကြောင့်ဆို ကတ်ကြေးကိုက်နဲ့ မုန့်လက်သုပ်ချက်ရာမှာ မပါမဖြစ်ပါ ရမယ့် ပအုန်းရည်က ဈေး မဟားတရား တက်တော့မယ့်ကိန်း ဆိုက်နေပါပြီ။ ကျွန်တော်မျိုးတို့ တနင်္သာရီတိုင်း လွှတ်တော်က အသစ်စက်စက် ပြဋ္ဌာန်း လိုက်တဲ့ ယစ်မျိုးအခွန်ဥပဒေအရ ပအုန်း ရည်လုပ်သူက ယစ်မျိုးအခွန် ဆောင်ရပါ တော့မှာ မို့လို့ပါ။အဲဒီ အသစ်စက်စက် ယစ်မျိုးအခွန် ဆိုတာကြီးမှာ “ထန်းရည်ဆိုသည်မှာ ကစော်ဖောက်သည် ဖြစ်စေ မဖောက် သည်ဖြစ်စေ ထန်း၊ ဓနိ၊ အုန်း၊ ပေ စသည့် အပင်တစ်မျိုးမျိုးမှ ထွက်သည့် အရည်ကို ဆိုလိုသည်” လို့ ပါရှိသဗျ။

အဲဒီ ဥပဒေပါ စာသားအရ ထန်း၊ ဓနိသမားတိုင်း ထွက်သမျှအရည် ချိုချို ခါးခါး ချဉ်ချဉ် ယစ်မျိုးအခွန် ဆောင် ရတော့မယ်သဘောပေါ့ ဝန်ကြီးရယ်။ ဒီတော့ ပအုန်းရည် ဈေးတက်ပြီပေါ့ဗျာ။ ပအုန်းရည်ဆိုတာ ဓနိရည်၊ ထန်းရည်က လုပ်တာကိုး။ဒီဥပဒေအရ ပအုန်းရည်ငပိဖျော် မပါရင် ထမင်းမမြိန်တဲ့ မူးဆေးအိုး အမေ လည်း နေရင်းထိုင်ရင်း ယစ်သမကြီး စာရင်း ဝင်ရတော့ပေမပေါ့နော်..။ (ဘုန်း ကြီးတွေ၊ သီလရှင်တွေအတွက်ဆို အုန်းရည်ပါတဲ့ဟင်းတွေ၊ ထန်းညက်ခဲ တွေရှောင်ဖို့ ပညတ်တော်ထဲ ထည့်ရမယ် ထင်ရဲ့။ စားမိရင် ယစ်သမား ဖြစ်ပြီလား လို့။)ကုန်ကုန်ပြောရင် မူးဆေးအိုးတို့ တိုင်းက ပအုန်းရည် မပါတဲ့ ထမင်းဝိုင်း မရှိသလောက်ရယ်လေ။ ဒီတော့ ဒီဥပဒေ သစ်အရ ယစ်သမားတွေ နေတဲ့တိုင်း အဖြစ် သမုတ်ခံရမယ့်အနေအထား ဝန်ကြီး ခင်ဗျ။

နောက်ပြီး ဥပဒေတစ်ပိုဒ်မှာ ” သဘာဝအားဖြင့်ဖြစ်စေ၊ ပြုပြင်၍ဖြစ်စေ၊ ယစ်မျိုးသက်ဝင်ပစ္စည်း တစ်စုံတစ်ရာကို ထွက်ရှိစေရန် သို့မဟုတ် ရရှိစေရန် ပြု လုပ်ခြင်း(ယင်းစကားရပ်တွင် ထန်းပင်မှ အရည်ခံခြင်း၊ ထုတ်ယူခြင်းတို့ ပါဝင် သည်)” လို့ ရေးထားတယ် ဝန်ကြီးခင်ဗျ။
မူးဆေးအိုးတော့ နားလည်လိုက် တာက ထန်းပင်ပေါ်မှာ ထန်းရည်ကျဉ် တောက်၊ ဓနိပင်မှာ ဓနိကျည်တောက် စွပ်ထားတာနဲ့ ယစ်မျိုးအခွန်ဆောင်ထား ပေတော့ပဲပေါ့။

ဒါပေမဲ့ မူးဆေးအိုးရဲ့မိတ်ဆွေ ဥပဒေ လေ့လာသူတွေကတော့ ဒီဥပဒေ အရဆို အုန်းပင်ကထွက်တဲ့ အုန်းသီး ရည်ကိုတောင် ယစ်မျိုးထဲ သွင်းနိုင်တဲ့ ကိန်းလို့ ပြောကြသဗျ။ဘာဖြစ်ဖြစ် ဒီဥပဒေကြောင့် ဓနိ ရည်ချို၊ ထန်းရည်ချို ကြိုက်နှစ်သက်သူ တွေကတော့ စိတ်ကသိ ကအောက် ဖြစ် တော့မှာ သေချာသဗျ။ ဈေးတက်မယ်၊ ယစ်သမား အခေါ်ခံရကိန်း ဆိုက်မယ် ပေါ့ဗျာ။ခုဆို ထားဝယ်နံနက်ခင်း လမ်း မသစ်က ထန်းရည်ချိုတန်းလေး အဖျား တက်နေရောပေါ့။ မြိတ်က ပျိုကညာတွေ ညဘက်ရောင်းတဲ့ ဓနိရည်ချိုတန်းလေး လည်း အသက်ရှည်ပါစေ၊ ကျန်းမာပါစေ ဆုတောင်းမိပါရဲ့။ (ထန်းရည်ခါးကို နားလည်မှုနဲ့ ခိုးရောင်း ခိုးသောက်လုပ် နေသူတွေလည်း ဘေးကင်းကြပါစေ ဗျာ..။ သူတို့ခမျာ တစ်နေ့လုပ်တစ် နေ့စား၊ တစ်ရက်ထွက်ထန်းရည်ခါး တစ်ခဏသောက်ရယ်လေ)။

ဝန်ကြီးရေ..၊ မူးဆေးအိုးရဲ့ ရောင်း ရင်း ထန်းရည်ချစ်သူများကတော့ ဆန္ဒပြ မယ် တကဲကဲခင်ဗျ..။ သူတို့ခံယူ ချက်က ဒီလို။” ထန်းပင် ထန်းရည်ဆိုတာ ထားဝယ် ဒေသရဲ့ အမှတ်လက္ခဏာ” “ထန်းရည်မူးလို့ အမှုဖြစ်တာ၊ လူ့ဝန်းကျင်ကို ဒုက္ခပေးတာ မရှိဘူး၊ ကျွဲခိုးတောင် ပေါ်သေးတယ်၊ တရား ဥပဒေစိုးမိုးရေးကိုတောင် အထောက်အကူ ပြုသေး” “နိုင်ငံတော်က ထန်းတက်သမား ပုံကို ငါးကျပ်တန်ရိုက်ပြီးတောင် ဂုဏ်ပြု ထားသေးတယ်” စသဖြင့်။
နောက်ဆုံး ထန်းရည်ကို ယစ်မျိုးထဲ မထည့်ဖို့ထိ အရေးဆိုကြမတဲ့။

ဘာဖြစ်ဖြစ် လက်ရှိတော့ တနင်္သာရီတိုင်းသူတိုင်းသား အားလုံးက ယစ်သမားတွေ၊ ယစ်သမတွေ ဖြစ်နေရပြီ ဝန်ကြီးဗျ။ဒီဘ၀က ကင်းလွတ်အောင် ဝန်ကြီး က ရောက်ရာ ဘုံဘ၀ကနေ ကယ်မတော် မူပါ။အဲအဲ. . . ၊ ဝန်ကြီးဆိုလို့ ခုခေတ် တိုင်းတွင်းဝန်ကြီးတွေကို ပြောတာ မဟုတ်ဘူးနော်။ ဒီဥပဒေကို ပြဋ္ဌာန်းရာမှာ သူတို့ပါ သဘောတူကြောင်း ပြောထား တော့ သူတို့ ဘယ်ကယ်မ လေမတုန်း။

မူးဆေးအိုးပြောတဲ့ ဝန်ကြီးက ညောင်ရမ်းခေတ်ဝန်ကြီးပါ။ ကွယ်လွန် လေပြီးတဲ့ “ဝန်ကြီး ပဒေသရာဇာ” ကိုပါ။
သူက “နွေဦးကာလ မြူထသော အခါ ” ကဗျာကို ရေးခဲ့တဲ့ ထန်းပင်နဲ့ ထန်းတက်သမားဘ၀ကို စာနာသူလေ။