မွန်ဝန်ကြီးချုပ်သစ် မခန့်မီ အစိုးရလုပ်ငန်းများ အားလုံး တိုင်ပင်လုပ်မည်

0
420

မွန်ပြည်နယ်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ်အသစ် မခန့်အပ်မီ အစိုးရ၏ လုပ်ငန်းဆောင်တာများကို အစိုးရအဖွဲ့တစ်ခုလုံး ညှိနှိုင်း လုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ပြောသည်။

ဝန်ကြီးချုပ်အသစ် မခန့်အပ်မီ ကာလအတွင်း အစိုးရ၏ လုပ်ငန်းတာဝန်များ ရပ်ဆိုင်းအားနည်းမှု မဖြစ်စေရန် ကျန်အစိုးရ အဖွဲ့ဝင်အားလုံးနှင့် တိုင်ပင်ထိန်း ကျောင်းသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။အစိုးရအဖွဲ့၏ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ပြီးလျှင် ဒုတိယ တာဝန်အရှိဆုံး သူမှာ လုံနယ်ဝန်ကြီးဖြစ်ကြောင်း သိရသည်။

” လုံ / နယ်ဝန်ကြီးက ခေတ္တ ဝန်ကြီးချုပ်အနေနဲ့ လုပ်မှာ မဟုတ်ဘူး၊ လုပ်လို့ လဲ မရဘူး၊ ဝန်ကြီးချုပ်အသစ် မရောက်ခင်မှာ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ လုံးဝရပ်တန့် မသွားအောင် ဒုတိယတာဝန် အရှိဆုံးဖြစ်တဲ့ လုံ /နယ်ဝန်ကြီးက နေပြီးတော့မှ အစိုးရအဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့မှ တိုင်ပင်ပြီးတော့မှ အရှိန် အဟုန်မပျက် ဆက်သွားဖို့ပဲ ရှိတာ” ဟု ဝန်ကြီးက ပြောသည်။ယင်းအစီအစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက်မှစတင်မည်ဟု ၎င်းက ပြောသည်။

ဝန်ကြီးချုပ် ဦးမင်းမင်းဦး နုတ်ထွက်စာတင်ပြီးနောက် မွန်ပြည် ဝန်ကြီးချုပ် နေရာကို ကျိုက်ထိုမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံကို ခန့်အပ်ရန် သမ္မတထံ စာရင်းတင်ထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။