ဆုကြေးတွေ အရေးပေါ်လူနာသယ်ဆောင်ရေးကို လှူတဲ့ ကလေးနဂါးအဖွဲ့

0
422

တရုတ်နဂါး အပျော်တမ်းကတဲ့ ကလေးတသိုက်က သူတို့ရရှိတဲ့ ဆုကြေး မုန့်ဖိုးတွေစုပြီး ထားဝယ်ဇမ္ဗူသီရိ အရေး ပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ကို ငွေ ၁ သိန်း လှူဒါန်းလိုက်ပါတယ်။သူတို့က ထားဝယ် အ.ထ.က ၁ ကျောင်းနဲ့ ဇရစ်မူလတန်းကျောင်းတို့က ၃ တန်း၊ ၅ တန်းနဲ့ ၇ တန်းကျောင်းသား ၂၁ ဦးပါ ကလေးနဂါးအကဖွဲ့ ဖြစ်ပြီး ကလေးတွေလှူတာ ဒါပထမဆုံးလို့ ဇမ္ဗူသီရိ တာဝန်ရှိသူတွေက ပြောပါ တယ်။

အဲဒီကလေးတွေက လူကြီးတွေ တရုတ်နတ်လှည့်တာကို သဘောကျလို့ ကျောင်းပိတ်တုန်း လေ့ကျင့်ပြီး နဂါး၊ ခြင်္သေ့၊ မျောက်ဝူခုံး၊ ဝက်ပါကျဲနဲ့ တရုတ်မ တွေနဲ့ မြို့ထဲက ရပ်ကွက်အချို့မှာ ၄ ရက်တာ အပျော်တမ်း လိုက်လံကပြရင်း ရခဲ့တဲ့ မုန့်ဖိုးတွေကို ပြန်လှူတာ ဖြစ်ပါ တယ်။” ရတဲ့ ပိုက်ဆံကို လှူလည်း လှူချင် တယ်၊ စားလည်း စားချင်တယ်၊ ဒီတော့ အဖေ့ကို နည်းနည်း စိုက်ခိုင်းပြီး လှူလိုက် တယ်” လို့ အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ် တဲ့ မောင်မင်းခန့်စိုးကျော်က ပြောပါ တယ်။
သူတို့အဖွဲ့ ၄ ရက်တာ ရတဲ့ဆုငွေက စုစုပေါင်း ကျပ် ၉၈၅၀၀ ဆိုတော့ မင်းခန့်စိုးကျော်ရဲ့ အဖေက လှူဖို့ တစ်သိန်းပြည့်အောင် စိုက်ပေးတဲ့ အပြင် မုန့်ဖိုး ၃ သောင်းပါ ထပ်ပေးလို့ သူတို့ အုပ်စု ညဈေးမှာ ကြက်ဆီထမင်း တစ်ပွဲ စီ စားလိုက်ရသေးသတဲ့။

သူတို့ ၄ ရက်တာ လှည့်လည် ကပြချိန်မှာ တချို့က မုန့်တွေ၊ အအေး တွေတိုက်ပေမယ့် တချို့ကတော့ မောင်း ထုတ်တယ်လို့ ဆိုပါတယ်။
“တချို့အိမ်တွေကဆို ဖိတ်ပြီးတောင် ကခိုင်းတယ်၊ ငါးထောင်အထိ ဆုချ တယ်၊ တချို့ကတော့ ရှုပ်တယ်ဆိုပြီး နှင်ထုတ်တယ်”လို့ မောင်မင်းခန့် စိုးကျော် က သူ့အတွေ့အကြုံကို ပြောပါတယ်။

သူတို့ရတဲ့ဆုကြေးကို လှူဖို့ ဇမ္ဗူ သီရိအဖွဲ့ကို ဘာကြောင့် ရွေးလဲဆိုတော့ သူတို့နားတွေနဲ့ ယဉ်ပါးနေ၊ နေ့တိုင်း နီးပါးကြားနေရတဲ့ အရေးပေါ် ဥဩ ဆွဲသံကြောင့် ဒီအဖွဲ့ကို သတိထားမိကြ လို့ပါတဲ့။ဒီနှစ်တော့ သူတို့ နားပါပြီ။ နောင် နှစ်မှာလည်း ထပ်ကချင်သေးကြောင်း ဆိုကြပါတယ်။