တန်ဖိုးသင့်တိုက်ခန်း အနိမ့်ဆုံး သိန်းတစ်ရာကျော် သတ်မှတ်

0
397

ထားဝယ်မြို့ စုပေါင်းရုံးအနီး တည်ဆောက်ပြီးစီးလုဖြစ်သည့် တန်ဖိုးသင့် တိုက်ခန်းများကို အနိမ့်ဆုံး တန်ဖိုး ငွေ ကျပ်သိန်း ၁၀၀ ကျော်မှ အမြင့်ဆုံး သိန်း ၃၀၀ အထိ သတ်မှတ် ထားကြောင်း ရောင်းချမည့် အငှား အိမ်ရာ လျှောက်လွှာများဝယ်ယူမည့် စည်းကမ်း သတ်မှတ်ချက်များ စိစစ်ရေး အဖွဲ့ထံမှ သိရသည်။

တိုက်ခန်းအကျယ်အဝန်း နှစ်မျိုး ရှိပြီး အလွှာအလိုက် ဈေးနှုန်း အသီးသီး သတ်မှတ်ထားသည်။”တိုက်ခန်းတွေကိုပဲ ရောင်းတာ ဖြစ်တယ်၊ မြေပိုင်ဆိုင်မှု မပါဘူး”ဟု အဆိုပါ စိစစ်ရေးအဖွဲ့ဝင်က ပြောသည်။တိုက်ခန်းများကို ပင်စင်စား ဝန် ထမ်းဟောင်းများနှင့် လုပ်သက် ၂၀ နှစ်အထက် ထားဝယ်ခရိုင်အတွင်းနေ (သန်းခေါင် စာရင်းအရ) ဝန်ထမ်းများကို ဦးစားပေး ရောင်းချ သွားမည်ဖြစ်ပြီး ဝယ်ယူခွင့်ရပါက တိုက်ခန်းတန်ဖိုးကို တစ်လုံးတစ်ခဲတည်း ပေးချေရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုက်ခန်းဝယ်ယူခွင့်လျှောက်လွှာတစ်စောင်လျှင် ကျပ် ၃၀၀၀ ဖြင့် ရောင်း ချပေးသွားမည်ဖြစ်ကြောင်း အဆိုပါ စိစစ်ရေးအဖွဲ့ဝင်က ပြောသည်။
အိမ်ထောင်စု စာရင်းတစ်ခု (မိသားစုတစ်စု)လျှင် လျှောက်လွှာတစ် စောင်သာ ရောင်းချသွားမည်ဖြစ်ပြီး ဈေး ကစားမှုကိုကာကွယ်ရန် ဝယ်ယူပြီး တိုက်ခန်းများကို ၅ နှစ်အတွင်း တစ် ဆင့်ပြန် ရောင်းချခွင့်မပြုဟု သိရသည်။

ပင်လုံအိမ်ယာဟု ကနဦး အမည် သတ်မှတ်ရန် စီစဉ်နေသည့် အဆိုပါ ၄ ခန်းတွဲ ၃ ထပ် ၂ လုံးနှင့် ၈ ခန်းတွဲ ၃ ထပ် ၂ လုံးတွင် စုစုပေါင်း တိုက်ခန်း ၇၂ ခန်းရှိကြောင်း သိရသည်။