မွန်တွင် ဖမ်းမိထားသည့် သစ်တန် ၁၆၀ ကျော် ပြန်ရောင်းမည်

0
432

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အတွင်း ဖမ်းဆီးရမိထားသည့် သစ်များ အနက် တန်ချိန် ၁၇၀ ခန့်ကို  ပြည်နယ် သစ်တောဦးစီးဌာနမှ ပထမဆုံးအကြိမ် အဖြစ် ရောင်းချသွားမည်ဟု မွန်ပြည်နယ် သစ်တောဦးစီးဌာနရုံးထံမှ သိရသည်။


ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်၊ ကျိုက်မရော၊ ရေးနှင့် ပေါင်မြို့နယ်အတွင်း စုစုပေါင်း သစ် တန်ချိန် ၂၅၄ ဒသမ ၄၇၉ တန် ဖမ်းဆီးရမိထားပြီး ရောင်းချပိုင်ခွင့်ရှိ သည့် တန်ချိန်ပမာဏ ၁၆၈ ဒသမ ၅၀၆၁ တန်ကို ရောင်းချသွားမည်ဟု မွန်ပြည်နယ် သစ်တောဦးစီးဌာနရုံးမှ ညွန်ကြားရေးမှူး ဦးမင်းသိန်းမြင့်က ပြောသည်။

 
သစ်များကို တန် ၂၀၀ အောက်သာ ရောင်းချပိုင်ခွင့်ရှိသည့်အတွက် ယင်းသို့ ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
” တစ်ဦး တစ်ယောက်တည်းကို မရောင်းဘူး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ဌာနဆိုင်ရာတွေ၊ ဘုန်းတော်ကြီးကျောင်း တွေကို ရောင်းချပေးသွားမယ်” ဟု ၎င်း က ဆိုသည်။သစ်များကို ပြင်ပေါက်ဈေးထက် ၄၀ ရာခိုင်နှုန်း ဈေးလျှော့ရောင်းချမည် ဖြစ်ကြောင်း ရောင်းချရန်အတွက် ကြေညာထားပြီးဖြစ်ကြောင်း ဦးမင်း သိန်းမြင့်က ပြောသည်။
လက်ရှိတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အဆောက်အဦးအချို့ ပြုပြင်ရန်နှင့် ဘုန်းတော်ကြီးကျောင်း စာသင်တိုက် တည်ဆောက်ရန် လျှောက်ထားမှု ရှိ သည်ဟု ပြည်နယ်သစ်တောဦးစီး ဌာန ရုံးမှ သိရသည်။
မွန်ပြည်နယ်တွင် သစ်တန်ချိန် ၆၀၀၀ အောက် ထုတ်လုပ်နေသည့် သစ် စက် ၇၀ ခု၊ အချောထည် ထုတ်လုပ်သည့် သစ်စက် ၄ ခု၊ လျှာ ထိုး သစ်စက် ၂၂ ခု၊ အိမ်တွင်း ပရိ ဘောဂ သစ်စက် ၁၈၁ ခု စုစုပေါင်း သစ်စက် ၂၇၇ ခု ရှိသည်ဟု ပြည်နယ် သစ်တောရှိ စာရင်းအရ သိရ သည်။