ယာဉ်ထိန်းရဲများ ငွေတောင်းက ချက်ခြင်းလာတိုင်ပါ

0
426

စည်းကမ်းဖောက်ဖျက်သည့် ဆိုင် ကယ်၊ ကားများကို ဖမ်းဆီးရာတွင် ယာဉ်ထိန်းရဲများ ငွေကြေးတောင်းခံပါက ချက်ခြင်း လာရောက်တိုင်ကြားနိုင် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။


စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးပြီး တရားမဝင်ငွေကြေးတောင်းခံမှု မလုပ် ရန် ညွှန်ကြားထားပြီးဖြစ်ကာ စစ်ဆေး ပေါ်ပေါက်ပါက အရေးယူသွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ဆိုသည်။” တောင်းရင်ပေးလိုက်ပြီး ဘယ်သူ ဘယ်ဝါကို ပေးခဲ့ရတယ်ဆိုတာ လူ ကိုယ်တိုင် လာတိုင်နိုင်တယ်” ဟု တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြော သည်။
ယင်းအပြင် ငွေကြေးတောင်းခံမှုကို ဖုန်းဆက်တိုင်ကြားနိုင်ပြီး အလိုတူ အလိုပါ မပေးရန်လည်း လိုအပ်ကြောင်း ရဲမှူးကြီးနေမျိုးက ဆိုသည်။

 
ယာဉ်ထိန်းရဲများက စည်းကမ်း ပျက် ယာဉ်များဖမ်းဆီးရာတွင် လူ အခြေအနေကို ကြည့်ကာ ကျပ်၅ထောင်မှ ကျပ် ၅ သောင်း အထိ ပုံစံမျိုးစုံဖြင့် တောင်းခံလေ့ရှိသည်ကို တစ်ရက်လျှင် ၅ ကြိမ်ခန့် မြင်တွေ့ရလေ့ရှိကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး အနီးတွင် ဂိတ်ထိုးလေ့ရှိသည့် ဝဲကျွန်း ရပ်ကွက်မှ သုံးဘီးယာဉ်မောင်းတစ်ဦးက ဆိုသည်။” တရားရုံးရောက်ရင် အချိန်လည်း ကုန်မယ်၊ ဒဏ်ကြေးလည်း ဆောင်ရမယ်၊ ဒီမှာပေးခဲ့ရင် သက်သာမယ်ဆိုပြီး တောင်းလေ့ ရှိတယ်   ” ဟု အဆိုပါ သုံးဘီးယာဉ်မောင်းက ပြောသည်။

 
ယာဉ်ထိန်းရဲများမှာ ဦးထုပ် မဆောင်းခြင်းကဲ့သို့ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများကို ဖမ်းဆီး တောင်းခံ လေ့မရှိဘဲ တစ်လမ်း မောင်းစနစ်ကို သိရှိမှု အားနည်းသည့် နယ်ဘက်မှ လာသူများကို အဓိကထား ဖမ်းဆီးကာ ငွေကြေး တောင်းခံလေ့ရှိကြောင်း ၎င်းက ဆိုသည်။ထားဝယ်ဒေသတွင် စည်းကမ်းမဲ့ ယာဉ်များကို ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်နေသော်လည်း  ပရမ်းပတာ ယာဉ်မောင်းနှင်မှုများ လျော့ပါးသွား ခြင်း မရှိဘဲယာဉ်တိုက်မှုများပိုမို ဖြစ်ပွား ကာ ထိခိုက်သေဆုံးမှုများ နှစ်စဉ် မြင့် တက်လျက် ရှိသည်။