We Love Dawei ပွဲတော် ဘန်ကောက်တွင် ကျင်းပမည်

0
446

ထားဝယ်ဒေသအလှကို ရေးဆွဲ ထားသော ပန်းချီကားများ၊ လက်မှု ပစ္စည်းများ၊ အနုပညာ သရုပ်ပြ တင်ဆက် မှုများ၊ ဓာတ်ပုံများ၊ အစားအသောက် တင်ဆက်မှုများ ပါဝင်သော We Love Dawei ပွဲတော်ကို ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ကျင်းပမည်ဖြစ်သည်။

တည်ဆောက်ရန် စီစဉ်နေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်း အပါအဝင် ရေနံချက်စက်ရုံ၊ ကျောက်မီးသွေးစက်ရုံ တို့ကြောင့် ထိခိုက်နိုင်ခြေကို တစ်နည်း နည်းဖြင့် ကာကွယ်နိုင်ရန် ထားဝယ် ရိုးရာနှင့်ဒေသအလှအပများကို ဖော်ကျူး ထားသည့် ထိုပွဲတော်ကို ကျင်းပရခြင်း ဖြစ်ကြောင်း ထိုင်းအခြေစိုက် Spirit Education Movement (SEM)

က တနင်္သာရီ အပတ်စဉ်သို့ ပြောကြားသည်။

ထိုပွဲတော်ကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်ရှိ ဘန်ကောက် အနုပညာနှင့် ယဉ်ကျေးမှု စင်တာတွင် ဇန်နဝါရီလ ၂၄ ရက် နေ့တွင် ကျင်းပမည် ဖြစ်သည်။

ထားဝယ်ဒေသရှိ အလှအပများကို ရေးဆွဲမှတ်တမ်းတင်ရန် ထိုင်း ပန်းချီ အနုပညာသမား ခြောက်ဦး နိုဝင်ဘာလ ဆန်းက ထားဝယ်ဒေသသို့ လာရောက် ခဲ့ပြီး လောင်းလုံးမြို့နယ် စမ်းလှမ်း ကမ်းခြေ၊ ရေဖြူမြို့နယ် ကလုံးထာ ကျေးရွာနှင့် မယင်းကြီးကျေးရွာတို့ကို သွားရောက်ခဲ့သည်။

ထားဝယ်ဒေသတွင်ရှိသော တန်ဖိုး ရှိ အလှနှင့် ယဉ်ကျေးမှု ဓလေ့များ ဖွံဖြိုးရေး အမည်တပ် စီမံကိန်းများကြောင့် မထိခိုက်သင့်ဟု ဇာတ်ကြောင်းပြောပြ လိုရင်းကြောင့် ထိုသို့သော လာရောက်ရ ခြင်းဖြစ်ကြောင်း ပန်းချီ အနုပညာရှင် အဖွဲ့ခေါင်းဆောင် ဂျစ်တီမ ဖိုဆဝက်ခ်က ပြောကြားသည်။

“ ဒီလိုမျိုး (ဖွံဖြိုးရေး စီမံကိန်းတွေရဲ့ ဆိုးကျိုးကို) ကျွန်မတို့ နိုင်ငံမှာ သင်ခန်း စာတွေ အများကြီး ကြုံခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ ဆန္ဒပြခြင်းကဲ့သို့သော ချဉ်းကပ်မှု အစား အနုပညာနဲ့ ပြသွား မှာပါ” ဟု ဂျစ်တိမက ဆိုသည်။

We Love Dawei ပွဲတော်တွင် ထိုင်းနိုင်ငံသားများ၊ ထိုင်းရောက် ထား ဝယ်တိုင်းရင်းသား ရွှေ့ပြောင်းနေထိုင် သူများ အဓိက လာရောက်ရန် ပစ်မှတ် ထားကြောင်း SEM က ဆိုသည်။

ယင်းပွဲတော်ကိုထားဝယ် အခြေ စိုက် အရပ်ဘက် အဖွဲ့အစည်း တစ်ခု ဖြစ်သော ထားဝယ်ဖွံဖြိုးရေး အဖွဲ့ (DDA) နှင့် ပူးတွဲ စီစဉ်ခြင်းဖြစ်သည်။