အအေးခန်းကားများ မောတောင်နယ်စပ်ဂိတ်မှ ထိုင်းသို့ ဝင်ခွင့်ပြုရေး ဆောင်ရွက်မည်

0
367

မြန်မာ-ထိုင်း နယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင်နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ အအေးခန်းကားများကို ထိုင်းနိုင်ငံသို့ ဝင်ခွင့်ပြုနိုင်ရန် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကြည်းတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး CHAWALIT PONGPIAK က ပြောသည်။


မြိတ်မြို့ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်သည့် မြိတ်ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ထိုင်း နိုင်ငံမဟာချိုင် ငါးလုပ်ငန်းရှင်များတို့တွေ့ဆုံပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး CHAWALIT PONGPIAK  ၏ ပြော ကြားချက်ကို ဘာသာပြန်ဆရာအောင်စိုး က ပြန်လည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 
” ထိုင်းအကောက်ခွန် ဦးစီးဌာနနှင့် ပဏာမညှိနှိုင်းချက်အရ ခွင့်ပြုပေးနိုင်တဲ့ အနေအထားရှိနေပါ တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြိတ်ဒေသမှ တင်ပို့နေ သည့် ရေထွက်ပစ္စည်းများကို နယ်စပ် ဂိတ်တွင်သာ ကားချင်း ဖလှယ်သည့် စနစ်ဖြင့် သွားလာနေရကြောင်း ရေလုပ် ငန်းအသိုင်းအဝိုင်းမှ သိရသည်။

 
” အခုချိန်ထိတော့ သွားလို့မရသေး ဘူး။ အနည်းဆုံး တစ်လလောက်တော့ ကြာဦးမယ် ထင်ပါတယ်” ဟု တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးလှသန်းက ပြောသည်။