ဒို့သယံဇာတ ဘယ်သူ့အတွက်လဲ

0
483

ထားဝယ်မြို့တော်ခန်းမတွင် အလုပ် ရုံဆွေးနွေးပွဲ တစ်ခု ကျင်းပခဲ့သည်။   စက်တင်ဘာ ၅၊ ၆ (၂)ရက်။ ပါဝင်ပြော ဆို ဆွေးနွေးခွင့် ဆာလောင်နေသော ဒေသခံတို့ ကြိတ်ကြိတ်တိုး တက်ရောက် ကြသည်။ နေရာထိုင်ခင်းပင် မလောက်င။
ဆွေးနွေးပွဲက ” ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး” ။


ရှေးဟောင်းအမွေအနှစ်၊ လူမှုစီးပွား၊ စိုက်ပျိုးမွေးမြူ၊ ရေလုပ်ငန်း၊ ကုန်သွယ်၊ လျှပ်စစ် စက်မှု.. စသဖြင့်ခေါင်းစဉ်ငယ် ၆ ခုကို ၆ နေရာခွဲကာ အားတက်သရော ဆွေးနွေးကြသည်။ ဖြစ်နိုင်ခြေကို ကြံဆ ကြသည်။ ကဏ္ဍအလိုက် အဖြေထုတ် ကြသည်။
ဆွေးနွေးပွဲအပြီး တိုင်းဝန်ကြီးချုပ် ပြောသွားသော နိဂုံးချုပ်မိန့်ခွန်းကို အနှစ် ထုတ်ကြည့်သည်။
” လျှပ်စစ်ကိစ္စ သီးသန့် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပမည်”

 
သတိကြီးကြီး လက်ခုပ်တီးမိသည်။ ” လျှပ်စစ်ပြဿနာ  ” သည် ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက တနင်္သာရီတိုင်းအတွက် အဓိက စိန်ခေါ် ချက်ကြီး မဟုတ်လော..။ တနင်္သာရီတိုင်း သားတစ်ဦးအနေဖြင့် လျှပ်စစ်အကြောင်း ဟလိုက်တိုင်း တိုင်းတွင်းမှ သွယ်ထုတ် သွားသည့် ဂက်(စ်)ပိုက်လိုင်း ကြီးကို ပြေးပြေးမြင်ကာ ရင်နာရစမြဲ၊ ရင်နာရဆဲ ဖြစ်သည်။ မခံချိ မခံသာ ” တောက်”  ခေါက်ရစမြဲ၊ တောက်ခေါက်နေရဆဲ ဖြစ် သည်။တနင်္သာရီကမ်းလွန်တွင် ဓာတ်ငွေ့ သိုက်များ တွေ့စကတည်းက ပြည်ထောင် စုအစိုးရ တနင်္သာရီတိုင်းသားတို့ကို ပုံ ပြောလိမ်ယူ ရောင်းစားသွားခဲ့သည်။ ကံ ပေါက်နှင့် ထားဝယ်ကြား ကြိုးမဲ့ဓာတ် တိုင်များက တိုင်းသားတို့ကို လှောင်ပြောင် ခဲ့သည်မှာ ဆယ်စုနှစ် ၂ ခုစာ။

our_resources_for_our_people
သေနတ်ခါးထိုး အုပ်စိုးမှု အလွန် မပွင့်တစ်ပွင့်ပြောခွင့်ရခါစ ၂၀၁၀ နောက် ပိုင်းတွင် ဒေသခံတို့ အော်ကြဟစ်ကြ ဆန္ဒတွေ ထပြကြသည်။၂၀၁၅ ရွေး ကောက်ပွဲနီးကာမှ ဂက်စ်ဖြင့် မီးလင်း လာခဲ့သည်။ ယင်းလျှပ်စစ်အား ပြန်ဆန်း စစ်ကြည့်သောအခါ ပြည်ထောင်စု အထောက်အပံ့ တစ်ကွက်မျှမပါ။

 

တနင်္သာရီတိုင်းသားတို့၏ ကိုယ်ထူ ကိုယ်ထ မီးလင်းရေးသာ ဖြစ်ချေသည်။ကိုယ့်ဒေသထွက် ဂက်စ် ကိုယ်ပြန် ဝယ်ရသည်။ ဂက်စ်မှ လျှပ်စစ်ဖြစ်လာရန် လိုအပ်သည့် စက်ကြီး ၆ လုံး ထိုင်းမှ ကြီးမြင့်လှသည့် ဈေးဖြင့် ငှားထားရသည်။ ဓာတ်အားလိုင်းနှင့် အခြားဆက်စပ် ပစ္စည်းအားလုံး ကိုယ့်တိုင်း အစီအစဉ် နှင့်ကိုယ်။ ကုန်ကျသမျှ တိုင်းသားအားလုံး အရစ်ကျ ဆပ်နေကြရသည်။ သို့သော် ထားဝယ်ခရိုင်ကိုမျှပင် မလွှမ်းခြုံနိုင်။ ဝန်နှင့်အား မမျှ။ အလှည့်ကျ မီးအငတ်ခံ (အဖြတ်ခံ) နေရသေးသည်မှာ ခုထိ။

 
ယူနစ်ကြေး၊ ဝန်ဆောင်မှုနှင့် တာ ဝန်ယူ တာဝန်ခံမှု အားနည်းလိုက်ပုံက အရင် ဒီဇယ်မီး ကုမ္ပဏီကိုသာ ခဏခဏ ပြန်လွမ်းနေရသည့် အဖြစ် (ဂက်စ်မီး မရောက်သည့် မြိတ်ဒီဇယ်လျှပ်စစ်သည် ပင် ထားဝယ်ဒေသထက် ဈေးချိုပြီး ဝန် ဆောင်မှု ပိုကောင်း လွန်းနေသည်ကို အားလုံးအသိ)။ခုထိ ပြည်ထောင်စုအစိုးရ နေစိမ့် နိုင်လွန်းသည်။ ပြည်ထောင်စုသို့ လက် လှမ်းမီသည့် တိုင်းတွင်းသားအမတ်မင်း များ သွေးအေး နိုင်လွန်းသည်။သို့နှင့် ဂက်စ်မီးအပါအဝင် တိုင်း တွင်းလျှပ်စစ်ဈေးက ပြည်မနှင့် ဆယ်ဆ မက ကွာနေလေတော့သည်။ ယင်းသည် ပြည်မနှင့် တနင်္သာရီတိုင်း အခြေခံ ဖွံ့ဖြိုး တိုးတက်မှု ဆယ်ဆမက ကွာဟနေကြောင်း ညွှန်းကိန်းတစ်ခုဟု ဆိုနိုင်သည်။ မဖြစ် သင့်ပါ။ မဖြစ်သင့်တော့ပါ။ ဖက်ဒရယ်ကို ရှေးရှုနေသော၊ တန်းတူ အခွင့်အရေးကို အလေးထားသော ပြည်ထောင်စု အစိုးရ တစ်ရပ် ပေါ်ပေါက်နေပြီ မဟုတ်ပါလော။

 
ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီ သေးဟု လက်ခံထားသည့် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေတွင်ပင် တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ပြည်နယ်တို့သည် အဆင့်အတန်း တူညီကြသည်ဟု ပုဒ်မ ၉ (က) တွင် ပါဝင်သည်။  တနင်္သာရီတိုင်သားတို့သည် ပြည်မ နှင့်တကွ ပြည်ထောင်စုသားအားလုံးနှင့် တန်းတူ အခွန်တော်ငွေ ပေးဆောင်နေ ကြသည်။ နိစ္စဓူဝ စားသုံးမှုမှအစ အခွန် ထမ်းနေကြသည်။ ဝယ်သမျှ စားသမျှ တိုင်းပြည်ဝင်ငွေခွန် တန်းတူထမ်းပြီး သားဖြစ်သည်။ ဆန်တစ်ပြည်ဝယ်လျှင်ပင် လယ်ယာခွန်၊ ဆန်ကြိတ်စက်ရုံခွန်၊ ကုန် သွယ်ခွန်မှစနောက်ဆုံး ကုန်စုံဆိုင် ခွန်ပါ ပါဝင်ပေးချေ ထားရပြီးသား ဖြစ်သည်။

 
ထပ်ပြောရလျှင် လူတိုင်းကိုင်နေ သည့် ဖုန်းမှ ” ဟဲလို” ဟု ပြောလိုက်တိုင်း အခွန်ထမ်းနေရသည်။ ဖုန်းငွေ တစ် ထောင် ကျပ်ဖိုး ဖြည့်တိုင်း ၅ ကျပ် အခွန်ဆောင် ရသည်။ အခွန်တိုင်းသည် ပြည်မနှင့် တနင်္သာရီမကွာဟ။ အညီအမျှ ထမ်းကြရသည် မဟုတ်လော။   သို့ဆိုက ပြည်မနှင့် တနင်္သာရီ ဖွံ့ ဖြိုးမှုအတူတူဖြစ်ရေး မဆွေးနွေးသင့် လော။ ဖွံ့ဖြိုးမှုအခြေခံ လျှပ်စစ်ကိစ္စ အဘယ်ကြောင့် ဆယ်ဆ ကွာနေရသနည်း။မကြာမီ လျှပ်စစ်ပြဿနာ ထားဝယ် တွင် ဝိုင်းဝန်း အဖြေရှာကြတော့မည် ဆိုသည်။
ပြီးခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် တိုင်းတွင်းလျှပ်စစ်ထုတ်ယူနိုင်သည့် နည်းလမ်းအသွယ်သွယ်ကို လျှပ်စစ်ဌာန တာဝန်ရှိသူများက ရှင်းပြလင်းပြသွား သည်။ ဂက်စ်အပါအဝင် လောင်စာ အမျိုးမျိုးနှင့် နေအား၊ ရေအား၊ လေအား. ..စသဖြင့်(နိုင်ငံတကာ လျှပ်စစ်ထုတ်ယူမှု အခင်းအကျင်းကို တင်ပြသလိုလိုဖြင့် ကျောက်မီးသွေးပရိုမိုးရှင်းပင် တစ်နာရီ ခန့် ဆင်းလိုက်သေးသည်)။ ရှင်းပြသည် ကို ကျေးဇူးတင်ပါသည်။

 
သို့သော်..၊ တနင်္သာရီတိုင်း၏ လျှပ်စစ်လိုအပ်ချက်မှန်သမျှ တိုင်းတွင်း လျှပ်စစ်အရင်းအမြစ်များမှသာ ဖန်တီးရှာ ဖွေရမည် မဟုတ်။ တိုင်းနှင့်ပြည်နယ် အသီးသီး၏ တန်းတူအခွင့်အရေးအရ ပြည်မလျှပ်စစ်ဓာတ်ကြော(မဟာဓာတ်အားလိုင်း)မှ ဓာတ်အားများကို ရယူသုံး စွဲခွင့် ရှိသည်။ ဝေမျှခံစားခွင့် ရှိသည်။ယင်းသည် အမွေခွဲပေးရန် တောင်း ခံခြင်းမဟုတ်။ နိုင်ငံတော်သီချင်းစာသား ပါ ” ခွင့်တူညီမျှ” မှုကို ကိုင်စွဲခြင်းမျှသာ ဖြစ်သည်။ယင်းသို့ မဟာဓာတ်အားလိုင်းမှ ခွဲဝေသုံးစွဲခွင့်ပေးရန် အခက်အခဲရှိပါက တနင်္သာရီတိုင်း၏ လက်ရှိလျှပ်စစ် ပြသနာကို ပြည်ထောင်စုမှ အပြည့်အဝ တာဝန်ယူ ဖြေရှင်းပေးရမည်။

 

 
တနင်္သာရီတိုင်း၏ လျှပ်စစ်ပြဿနာ သည် တိုင်းတွင်းအားဖြစ်သာ ဖြေရှင်း ရန်မဟုတ်။ ပြည်ထောင်စုအရေး ဖြစ် သည်။ ပြည်ထောင်စုမှ တာဝန်ခံ ဖြေရှင်း ရမည် ဖြစ်သည်။ တိုင်းသားတို့သည် ပြည်ထောင်စုအစိုးရအပေါ် ခေတ် အဆက်ဆက် အခွန်တန်းတူထမ်းခဲ့သော် လည်း ” ခွင့်တူညီမျှ” က သီချင်းစာသား မျှသာ။ တိုင်း၏ ပင်မသွေးကြော ဓာတ် ငွေ့သိုက်ကြီးကို စုတ်ယူဖောက်ထုတ်ခံခဲ့ရ သော်လည်း လျှပ်စစ်အတွက် ဆေးဖော် ကြောဖက်ပင် မလုပ်ခဲ့။ယခု ပြည်မနှင့် ဆယ်ဆမက ဈေးကွာသည့် လျှပ်စစ်ကို ငတ်တစ်လှည့်    ပြတ်တစ်လှည့် ဝေပုံကျ သုံးစွဲနေရမှုကို ဖြေရှင်းရန် တိုင်းတွင်းလျှပ်စစ်အရင်းအမြစ်များ၊ ဘေးထွက်ဆိုးကျိုးများ လွန်း သော လျှပ်စစ် စီမံကိန်းများ ဘက်ကိုသာ မျက်စောင်းကျနေကြသည်လော မပြော တတ်။

 

 

သို့ဆိုလျှင်ကား တိုင်း၏ ရေမြေ လေထုအပေါ် မတရားလွန်းရာကျတော့ မည်။ တိုင်းသားများ နုံအ ညံ့ဖျင်းလွန်းရာ ရောက်တော့မည်။တနင်္သာရီတိုင်းသည် လျှပ်စစ်ကဏ္ဍအတွက် ပြည်ထောင်စုအပေါ် တာဝန် ကျေလွန်းမက ကျေခဲ့ပြီးလေပြီ။ နှစ်သန်း ရာချီ သိုမှီးထားမှ ဖြစ်ထွန်းလာသည့် ပြန်မပြည့်တတ်သော သဘာဝရတနာ ဓာတ်ငွေ့သိုက်ကြီးကို အန်ထုတ်ပေးခဲ့ပြီး ပါပြီ။ အန်ထုတ်ပေးနေဆဲလည်း ဖြစ်ပါ သည်။ ယခု ယဲ့ယဲ့ကလေးသာ ကျန်တော့ သည်။ယင်းစွမ်းအင်အားလုံး ပြည်ထောင်စု မှ တိုက်ရိုက်စီမံခန့်ခွဲမှုအပေါ် တိုင်း တွင်းသားတို့ မငြိုငြင်(ဝံ့)ခဲ့။
ယင်းစွမ်းအင်ရတနာများကို ခွဲဝေသုံးစွဲခွင့်မရဘဲရတနာဖြစ်ထွန်းရာ ရေမြေ လေထုကို ဝါးမြိုဖျက်ဆီးမည့် ကပ်ဆိုး ဖိတ်ခေါ်လျှပ်စစ်စီမံကိန်းများဖြင့်သာ တနင်္သာရီတိုင်း ဖွံ့ဖြိုးခွင့်ရမည်ဆိုပါက “တော်ပါတော့” ဟု ဝိုင်းအော်ရန်သာ ရှိတော့သည်။
လာမည့် ထားဝယ်လျှပ်စစ်ဆွေး နွေးပွဲတွင် အသံညီရန် လိုသည်။ ” ဒို့သယံဇာတ ဘယ်သူအတွက်လဲ” ဟု မေးခွန်း ရဲရဲထုတ်ရမည်။
လက်ရှိပြည်ထောင်စုအစိုးရကိုတော့ ယုံပါသည်။ဖွံ့ဖြိုးတိုးတက်မှုဆီ အတူတကွ ချီတက်စေလိုသည့်စေတနာ ရှိနှစ်ပြီးသော ပြည်သူ့အရွေးချယ်ခံ အစိုးရ ဖြစ်သည်။ တိုင်းသားများက ပြည်မနှင့် အခွင့်အလမ်း ဆယ်ဆ ကွာနေကြောင်း အစိုးရကြား အောင် ပြောရန်သာရှိသည်။
အသံညီပြီးသားလည်း ဖြစ်ပါသည်။
” ဒို့ သယံဇာတ ဒို့အတွက် ဖြစ်ရ မည်..”