ရေတပ်စခန်းဌာနချုပ် ဧရိယာအတွင်း သစ်ခိုးလှေ ၃ စီးဖမ်းမိ

0
431

တနင်္သာရီတိုင်း မောရ၀တီရေတပ် စခန်းဌာနချုပ် ဧရိယာအတွင်း ဩဂုတ် လ ၇ ရက်က သစ်ခိုးလှေ ၃စီး ဖမ်းမိခဲ့ ကြောင်း ရေဖြူမြို့နယ် သစ်တော ဦးစီးဌာနမှ သိရသည်။

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ မောရ၀တီရေတပ်စခန်းဌာနချုပ် ဧရိယာ အတွင်းရှိ ဟိန္ဇဲချောင်းအတွင်း စက်လှေ များဖြင့် တရားမဝင်မျော (သစ်) များ တင်ဆောင်နေကြောင်း သတင်းရ၍ ကံ ပေါက်နှင့် ကလိန်အောင်မှ သစ်တော ဝန်ထမ်း ၄ ဦးနှင့် ဒေသခံရွာသား နှစ်ဦးတို့မှ ကူးတို့တောချောင်းနှင့် ဟိန္ဇဲ ချောင်းတို့အတွင်း ရှာဖွေရာမှ ယင်း သစ်ခိုးလှေများ တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း ရေဖြူမြို့နယ် သစ်တောဦးစီးဌာန မှတ် တမ်းအရ သိရသည်။
ယင်းဒေသတစ်ဝိုက်တွင် သစ်ခိုး လှေများအား ရှာဖွေဖမ်းဆီးရာ ကူးတို့ တောချောင်းအတွင်း တရားမဝင် အခြား သစ်မျော (သစ်လုံးငယ်များ) ၁၆၄ လုံး တင်ဆောင်ထားသည့် အမည်မရှိ စက် လှေ ၁စီးနှင့် အခြား သစ်မျော ၂၅၀ လုံး တင်ဆောင်ထား သည့် ခိုင်ဇာဝင်း အမည်ရှိ စက်လှေ ၁ စီး ဖမ်းဆီးရမိ ခဲ့ကြောင်း ဌာနမှတ်တမ်းအရ သိရသည်။ယင်းနောက် ဟိန်းန္ဒဲချောင်းအတွင်း ဆက်လက်ရှာဖွေရာ မော်ငန်းရွာအနီးတွင် တရားမဝင် အခြားသစ်မျော ၅၀၀ လုံး တင်ဆောင် ထားသည့် စက်လှေ ၁ စီး အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြို့ နယ်သစ်တော မှတ်တမ်းအရ သိရသည်။

 
သစ်ခိုးလှေများမှာ ဟိန်းန္ဒဲချောင်း ၀မှ ဝင်ရောက်ခြင်းဖြစ်ပြီး အဆိုပါ ချောင်းဝတွင် ရေတပ်သင်္ဘောဆိပ်ကမ်း ရှိကာ ယင်းကိစ္စနှင့် ပတ်သက်၍ ရေတပ် စခန်းနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် စာပို့သွားမည်ဟု ရေဖြူမြို့နယ် သစ် တောဦးစီးမှူးက ဆိုသည်။
” ဒီဒေသမှာ သစ်ခိုးမှုတွေ ပပျောက် အောင် ရေတပ်စခန်းနှင့် ပူးပေါင်းဆောင် ရွက်သွားမယ်”  ဟု မြို့နယ် သစ်တော ဦးစီးမှူး ဦးသိန်းကိုက ပြောသည်။

 
အဆိုပါဒေသသို့ သစ်ခိုးလှေများ နှစ်စဉ်ဝင်ရောက်ပြီး သစ်များခိုးထုတ် လျက်ရှိသည်။
ယခင်က ဒီရေတောတစ်လျှောက် အပင်များ ထူထပ်စွာပေါက်ပြီး မျောက် များပါ ပေါများရာမှ လက်ရှိအချိန်တွင် အပင်ငယ် များသာ ကျန်တော့ကြောင်း တရားမဝင် သစ်ဖမ်းရာတွင် ပါဝင်သည့် သဘွတ်ချောင်းရွာ ဒေသခံတစ်ဦးက ဆိုသည်။
“မော်ငန်းရွာဘေးက ကမ်းခြေမှာ ဆို ဒီရေတောသစ်တွေ ပုံထားတာ တော် တော်များများတွေ့တယ်” ဟု အဆိုပါ ဒေသခံ က ပြောသည်။

 
အဆိုပါဒေသရှိ မောရ၀တီရေတပ် စခန်းဌာနချုပ် ဧရိယာအကျယ်အဝန်းမှာ ဧက ရှစ်သောင်းကျော်ရှိပြီး သစ်ခိုးလှေ များမှာ ရေးမြို့နယ် အစင်ကျေးရွာဖက်မှ ဖြစ်ကြောင်း ရေဖြူမြို့နယ် သစ်တော ဦးစီးဌာနမှ သိရသည်။ဖမ်းဆီးရမိသည့် သစ်ခိုးလှေ ၃ စီးနှင့် တရားမဝင် အခြားသစ်မျော ၉၁၄ လုံးအား သဲချောင်းကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးထံ ယာယီအပ်နှံထားပြီး စက် လှေ ၃ စီးပေါ်ပါ တရားခံ ၁၂ ဦးအား သစ်တောဥပဒေပုဒ်မ – ၄၁(က) အရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း မြို့ နယ်သစ်တောဦးစီးဌာန မှတ်တမ်းအရ သိရသည်။