လူထု၊ ဖေ့စ်ဘွတ် နှင့် လွှတ်တော် ကိုယ်စားလှယ်

0
450

ပြီးခဲ့သည့်ရက်ပိုင်းက တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ပေါ်တွင် မှတ် ချက်စာသား များကို ဖတ်လိုက်ရသည်။ ကိုယ်စားလှယ်တင်ထားသော ကွင်းဆင်း စစ်ဆေးနေသော ဓာတ်ပုံနှင့် ” ဂုဏ်ယူ ပါတယ် ”  ဆိုသော မှတ်ချက်များစွာ အောက်တွင်… လူတစ်ဦး၏ နင်ပဲ ငဆ ဆန်ဆန် ပြင်းထန်သော မှတ်ချက်များကို … ကိုယ်စားလှယ်ဖြစ်သူကလည်း အားကျမခံ ဒေါမနဿပြင်းပြင်းဖြင့် ပြန်လည် ချေပတုံ့ပြန် ထားလေသည်။
ထိုအခါ ကိုယ်စားလှယ်ကို ချစ်ကြသောသူများက အုပ်စုလိုက်ဝင်ပြီး တိုက်ခိုက်လိုက်… တစ်ဘက်က လူတစ်ဦး ၏ ဘက်မှ လူများကလည်း ပြန်ပြီးသမ လိုက်နှင့် တိုက်ပွဲသဏ္ဌာန် အလားပင်။

ဖေ့စ်ဘွတ်အကြောင်း တစေ့တစောင်း

public_fb
၂၀၀၄ ခုနှစ်တွင် မာစ်ဇူးကားဘာ့ (Mark Zuckerberg) ဆိုသော အမေရိ ကန် လူငယ်တစ်ဦး တီထွင်ခဲ့သော လူမှု ကွန်ရက် တစ်ခုဖြစ်သည့် ဖေ့စ်ဘွတ်ကို ကမ္ဘာတစ်ဝန်း၌ လစဉ် အသုံးပြုသူပေါင်း ၁ ဒသမ ၆၅ ဘီလီယံခန့်ရှိသည်ဟု ဆို သည်။ မြန်မာ နိုင်ငံတွင် ဖေ့စ်ဘွတ် အသုံးပြုသူဦးရေမှာ ၁၀ သန်းကျော်ခန့် ရှိသည် ဟုသိရ၏။ သို့ဆိုလျှင် လူဦးရေ သန်း ၅၀ ကျော်ခန့်သော မြန်မာနိုင်ငံ၌ လူငါးယောက်တိုင်းတွင် ဖေ့စ်ဘွတ်ကို တစ်ယောက်သုံးနေသော သဘောရှိသည်။ ဖေ့စ်ဘွတ် အသုံးပြုခြင်းသည် တုံ့ပြန်မှု၊ သက်ရောက်မှု လျင်မြန်သည့် အလျောက် ကိုယ်စားလှယ်နှင့် လူထုအကြား သတင်း စီးဆင်းမှုများ ရင်းနှီးမှုများ စက္ကန့်ပိုင်း အတွင်း ရှိစေသည်။ ထို့ကြောင့် ဖေ့စ် ဘွတ်ပေါ်မှ မှတ်ချက်စကားများသည် ကောင်းသည်ရော ဆိုးသည်ရော ပျံ့နှံ့မှု မြန်စေသည့် သဘောကို သတိချပ်ရပေ မည်။

 
ဖေ့စ်ဘွတ်၌ မှတ်ချက်ပြုသော စာသားများတွင် မျက်နှာအမူအရာ၊ အသံ၏ အနိမ့်အမြင့် အရှည်အတို၊ အသံ ၏ ပြင်းအား လျော့အား၊ အသံအဖြတ် အတောက် စသဖြင့် မပါရှိသောကြောင့် မိမိတို့စာသားများကို အဓိပ္ပာယ်ကောက်ယူ လွဲခြင်း ဖြစ်နိုင်သည် ဥပမာအားဖြင့် ” ကြိုးစားပါမည်” ဆိုသောမှတ်ချက် စာသားသည်ခနဲ့၍ ပြောခြင်းလော၊ အမှန်အကန် လေးလေးစားစား ဆိုခြင်း လော မှန်းဆရ ခက်ပါသည်။

ဝေဖန်ခြင်းလော၊ ကဲ့ရဲ့ခြင်းလော
ဖေ့စ်ဘွတ်ပေါ်တွင် ရေးသော မိမိ သဘောထား မှတ်ချက်သည် အကျိုး အကြောင်းသဘောမျိုးနှင့် အပြုသဘော ဆန်လျှင် ကောင်းပေမည်။ ဝေဖန်မှုတိုင်း သည် မိမိထင်မြင်ချက် အယူအဆကို ပြောခြင်းဖြစ်၍ မိမိကမှန်သည် ထင်သော် ငြား (စေတနာမှန်ဖို့သာလိုရင်း) ကဲ့ရဲ့ ခြင်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း မဖြစ်သွား ဖို့ရန်လိုသည်ဟု မြင်မိသည်။ မှတ်ချက် စကားတိုင်းသည် မှန်လည်းမှန်စေ အကျိုးလည်းရှိစေ ချိုသာယဉ်ကျေးစေ ဆိုသော စံနှုန်းများနှင့် စီးဝင်ချဉ်းကပ်လျှင် တစ်ဘက်နှင့်တစ်ဘက် မျှခြေဖြစ်မည်။

 
လွှတ်တော်ကိုယ်စားလှယ်တို့သည် အစိုးရနှင့် အခြားသော မဏ္ဍိုင်များကို စောင့်ကြည့်ချိန်ညှိနိုင်ရန် လွှတ်တော်၌ မေးခွန်းများ မေးမြန်းခြင်း၊    အဆိုတင် သွင်းခြင်းအပြင် ဥပဒေပြုရေး၊ ပြင်ရေး၊ ဖြည့်စွက်ရေး၊ ပယ်ဖျက်ရေးဆိုသော တာဝန်ဝတ္တရားများ ထမ်းဆောင်ရာ၏။ ထို့ကြောင့် လူထုကလည်း ထိုကိုယ်စား လှယ်များ၏ ပေးထားချက်ဘောင်များ အတွင်းမှဆိုင်သော သတင်းပေးခြင်း၊ တောင်းဆိုခြင်း၊ ဝေဖန်အကြံပြုခြင်း မျိုးဖြစ်အောင် ဂရုဓမ္မပြုလျှင် အကျိုးများ ပေမည်။
လွှတ်တော် ကိုယ်စားလှယ်များ ကလည်း နှလုံးရည်ပြည့်ဝစွာဖြင့် လူထု ၏ မှတ်ချက်များကို ချဉ်းကပ်စဉ်းစားဖို့ လိုသည်။ တစ်နည်းဆိုသော် (sensitive ) အကဲ သိပ်မဆတ်ရန်၊ (Tolerance )ခံနိုင်ရည်မြင့်မားရန် အတွေးစုံရှုထောင့် ပေါင်းစုံမှ မြင့်မြင့်မားမား မြင်တတ်ရန် လေ့ကျင့်မွေးမြူ ထားရပေမည်။ ကိုယ် စားလှယ်ဖြစ်သူက ဒေါမနဿကြီးစွာနှင့် တုံ့ပြန် မှတ်ချက်ပြုလျှင် လူထုနှင့် ပဋိပက္ခအသွင်လည်း ဖြစ်သွားနိုင်သလို လူထုကသတင်းပေးဖို့ ဝေဖန်အကြံပြုဖို့ တွန့်ဆုတ်သွား နိုင်ပါသည်။ ထိုအခါ လူထု ၏ အသံကို မြန်မြန်ဆန်ဆန် ကြားနိုင် ခြင်းဆိုသော အကျိုးနှင့် လွဲရပေမည်။

 
လူသား၏ အမူအကျင့်မှာ မိမိ ကိုယ်ကို တန်ဖိုးထားလေးစားခြင်း(Self Esteem)ဖြစ်သည့် အလျောက်မိမိ ကိုယ်ကို တစ်စုံ တစ်ရာ တန်ဖိုးရှိသည်ဟု ခံစားနားလည်ထားကြ၏။ သို့ကြောင့် မိမိတန်ဖိုးနှင့် တစ်ပြေးညီတန်ဖိုးထားခြင်း ခံရသောအခါ ဂုဏ်ယူတတ်ကြသလို အဆိုပါတန်ဖိုးထက် နိမ့်၍ ဆက်ဆံခံကြရ သည့်အခါ ဒေါသဖြစ်ခြင်း၊ ရှက်ခြင်းဟူ သော ခံစားချက်များ ဖြစ်ရသည်။ သမိုင်း တွင် လူတို့သည် ဂုဏ်သိက္ခာအသီးသီး အတွက် သူသေ ကိုယ်သေနွှဲသော စစ်ပွဲ များဖြစ်ခဲ့ကြသည်ဟု မှတ်သားဖူးသည်။ ထို့ကြောင့် လူထုနှင့် ကိုယ်စားလှယ်များ ကြားတွင် ဂုဏ်သိက္ခာထိခိုက်စေသော ကဲ့ရဲ့ခြင်းမျိုး မှတ်ချက်များ မဖြစ်အောင် အဇ္ဈတ္တတို့ကို ထိန်းချုပ်နိုင်လျှင် ကောင်း ပေမည်။
အမုန်းစကားဖြန့်ဝေခြင်းနှင့်
လွတ်လပ်စွာ ပြောဆိုခွင့်
ယခုအခါ အမုန်းစကား(Hate Speech)ဖြန့်ဝေသူများ လူမှုကွန်ရက်ပေါ် တွင် ရှိနေကြရာ ကိုယ်စားလှယ်များ လူထုများ အနေဖြင့် တိုင်းပြည်၏ ပစ္စက္ခ အနေအထားကို လက်တွေ့ကျကျ တွေ့ မြင်ပြီး တစ်ဘက်နှင့်တစ်ဘက် သံသယ မပွား ပဋိပက္ခမများကြဘဲ တစ်သားတည်း ရှိနေဖို့ အရေးကြီးသည်။ ဖေ့စ်ဘွတ်ပေါ်မှ မှတ်ချက် အမုန်းစကားများကြောင့် အခံ နိမ့်သူ (တစ်နည်း) စိတ်ခံစားမှု မထိန်းနိုင် သူတို့သည် တစ်ချို့သော အခြေအနေများ တွင် မထင်မှတ်သော ပရိယာယ်ပေါင်း စုံ၏ သွေးဆောင်မှုနောက် စီးမျောမသွား ရန် သတိ၊ အသိရှိဖို့ လိုပါမည်။

 
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က)တွင် ” နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေတို့နှင့်မဆန့်ကျင်လျှင် မိမိတို့၏ ယုံကြည်ချက် ထင်မြင်ချက် တို့ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင် သည်” ဟုဖော်ပြထားရာ ရေသောက်မြစ် ဖွဲ့စည်းပုံကို မကျော်လွန်စေသော မှတ် ချက်စကား ဝေဖန်စကားများဖြင့်သာ လူထုက လွှတ်တော်ကိုယ်စားလှယ်တို့ကို ကူညီရန် မျှော်လင့်ရသည်။ လူထုတင် လိုက်သော လွှတ်တော် ကိုယ်စားလှယ် တို့ကို လူထုက ဖြစ်စေချင်သော ရှုထောင့် မှ ညင်ညင်သာသာ ဝေဖန်တင်ပြရမည်။ တင်ပြချက်များကို ကိုယ်စားလှယ်များက မလုပ်ဆောင်ပေးနိုင်လျှင်လည်း လက်ရှိ နိုင်ငံရေးအခြေအနေ ဘဏ္ဍာရေးအနေ အထား ဖွဲ့စည်းပုံပေးထားချက်များ စသည်တို့ကို စဉ်းစားပြီး နားလည်စိတ် ရှည်စွာ ထောက်ပြခြင်းဖြင့် ဖေးဖေးမမ ပူးပေါင်းပါဝင်ကြရပေမည်။

 
ကိုယ်စားလှယ်တစ်ဦးသည် မဲပေး သူ၏ ၈၀% ဖြင့် အရွေးချယ်ခံရသည် ဆိုလျှင် မိမိကို မဲပေးလိုက်သော လူတစ် ဆယ်ယောက်တွင် ရှစ်ယောက်သော ထောက်ခံသူတို့၏ ချစ်ခင်မှုကို မလျော့ သွားအောင် ဖေ့စ်ဘွတ်ပေါ်ရှိ ပြန်လည် ဖြေရှင်းသည့် မှတ်ချက်များတွင် ဒေါသ တရား၊ မောဟတရား မာနတရား တို့ကို ချွန်းအုပ်ထားနိုင် ရပေမည်။ ထို့အပြင် မိမိကိုမဲမပေးထားသော ၂၀ ရာခိုင်နှုန်း သော လူထု၏ မေတ္တာတရားကို ရရှိ အောင်လည်း ကြိုးပမ်းပေးဖို့ အမြော် အမြင်ထားကာ စည်းရုံးရမည်ဟု ထင် သည်။ ဆိုချင်သည်မှာ နိုင်ငံရေးသမားလွှတ်တော်ကိုယ်စားလှယ်များသည် ကွယ်လွန်သူ စာရေးဆရာကြီး ဒဂုန် တာရာ၏ ” မုန်းသူမရှိ ချစ်သူသာရှိ ရန်သူမရှိ မိတ်ဆွေသာရှိ ” ဆိုသော ထုံးကိုနှလုံးမူပြီး ဖေ့စ်ဘွတ်ပေါ်တွင် မှတ်ချက်များ ပေးနိုင်လျှင်ကောင်းမည် လား ဆဝါးမိသည်။

စကားပြော ဆွေးနွေးဖြေရှာတတ် ခြင်း ယဉ်ကျေးမှု
စာရေးသူတို့ ကြီးပြင်းခဲ့သော သင်ကြားရေးတွင် ဆရာမှ တပည့်သို့ တိုက်ရိုက်သင်ကြားခြင်း (passive learning ) တစ်နည်း အားဖြင့် ဥညန-တပေ တစ်လမ်းသွား သင်နည်းဖြစ်၏။ ပြန်လည်ဆွေးနွေးခြင်းမပါ…အကျိုး အကြောင်းကို တင်ပြညှိနှိုင်းရသော သင်ခန်းစာများအားနည်းခဲ့တာ သိပြု မိသည်။ ထို့ကြောင့် ဝေဖန်ယဉ်ကျေးမှုနှင့် တစ်စိမ်းပြင်ပြင် ရှိခဲ့ကြကာ ဝေဖန်သူက ကောင်းစွာ ဝေဖန်ခြင်းဖြစ်ဖို့ အလေ့ မရှိသလို..ဝေဖန်ခံရသူကလည်း ခံနိုင် ရည်တို့  အဆင်သင့် မဖြစ်ခဲ့ပေ။ ထို့ အတွက်ကြောင့် စာရေးသူတို့ အားလုံးတို့ သည်ပညာဖြင့် အနာဂတ်ကိုတင်ကူး ကာ( Dialogue Culture ) စကားပြော ဆွေးနွေးအဖြေရှာတတ်ခြင်း ယဉ်ကျေးမှု ကို လေ့ကျင့်ယူသွားရမည် ဖြစ်သည်။

နိဂုံး
တချို့အနည်းစုသော ကိုယ်စား လှယ်များနှင့် အနည်းငယ်မျှသော လူထု ၏ ဖေ့စ်ဘွတ်ပေါ်က မှတ်ချက်
စကားများမှ ဒေါသ၊ မောဟများ ကြောင့် ပဋိပက္ခများဖြစ်မှာ စိုးသည်။  ” ပညာရှိသတိဖြစ်ခဲ ဖြစ်မှာပူပန်မိ၍သာ ရေးရခြင်း ဖြစ်သည်။ ကိုယ်စားလှယ် အများစု လူထုအများစုသည် နိုင်ငံ၏ ဒီမိုကရေစီ အရွေ့မှာ လက်တွဲညီခဲ့ကြသူ များလည်းဖြစ်ခဲ့… ဖြစ်နေဆဲလည်းဖြစ် သည်။ ထပ်ပြီးလည်း လက်တွဲ မပြုတ်ဖို့ ကြိုးပမ်းကြရပေမည်။

 
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အားသွန်ခွန် စိုက်ဆောင်ရွက်နေကြသော ယခုကဲ့သို့ အချိန်အခါတွင် နိုင်ငံသားတိုင်း(လူထု၊ လွှတ်တော်ကိုယ်စားလှယ်များ) သည် ဖေ့စ်ဘွတ်ပေါ်တွင် အထင်မှားခြင်း ပဋိပက္ခဖြစ်ခြင်းဆိုသော မောဟအမှောင် တိမ်သလ္လာတို့ကို မေတ္တာနှင့် ယှဉ်တွဲသော ပညာစကားများဖြင့် မှတ်ချက်ပြုကာ ဖြိုခွင်းနိုင်ပါစေကြောင်း။