ကေအင်န်ယူ၏ ဧက ၆၀၀၀ စက်မှုဇုန် စီမံကိန်း တနင်္သာရီအစိုးရ မီးစိမ်းပြ

0
591

ထီးခီးနယ်စပ်တွင် ကေအင်န်ယူ တပ်မဟာ ၄ က အကောင်အထည်ဖော်မည့် အသေးစား စက်မှုဇုန်စီမံကိန်းကို တနင်္သာရီတိုင်းဒေသကြီး အစိုးရက ထောက်ခံကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။


ပြည်ထောင်စုအစိုးရထံတွင် လျှောက်ထားဆဲဖြစ်သည့် ကေအင်န်ယူ တပ်မဟာ ၄ မှ အကောင်အထည်ဖော်မည့် ဧက ၆၀၀၀ ကျော်ရှိသည့် အသေးစား စက်မှုဇုန် စီမံကိန်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သဘောတူပြီး နှုတ်အားဖြင့် ထောက်ခံပေးထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။

 
“ကျွန်တော်တို့တော့ ထောက်ခံ ပေးထားတယ်။ ထောက်ခံပေးထား တယ်ဆိုတာက ကေအင်န်ယူကိုလည်းပဲ ဂိတ်ကိစ္စတွေ ဘာတွေ၊ မလုပ်စေချင်ဘူး။ ဒါက တရားဝင်စီးပွားရေးလုပ်ငန်းကို အားပေးတဲ့ သဘောပါ” ဟု ဦးဖြိုးဝင်း ထွန်းက ပြောသည်။
နယ်စပ်တွင် အလုပ်အကိုင် ပေါ်ထွန်းလာမည်ကို အားပေးခြင်းက ဂိတ်များတွင် ငွေကြေးကောက်ခံ ခြင်း ထက် သိက္ခာရှိစွာဖြင့် ရပ်တည် စေလို သည့် သဘောထားဖြစ်ကြောင်း ၎င်းက ပြောသည်။

 
“အခွန်အကောက်ကိစ္စက လတ်တ လော စားဝတ်နေရေးပြဿနာကို ဖြေ ရှင်း ဖို့ပါပဲ။ ရေတိုဖြေရှင်းနေရတဲ့ သဘော ပါ။ စီမံကိန်း ဖြစ်လာရင် အဲဒီကိစ္စလည်း ရှင်းသွားမှာပါ” ဟု တပ်မဟာ ၄ ကရင်အမျိုးသား အစည်းအရုံး (KNU) မြိတ်-ထားဝယ် ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုစောဝင်းခိုင်က ပြောသည်။

 

စီမံကိန်းကို ကေအင်န်ယူ တပ်မ ဟာ ၄ ကို ကိုယ်စားပြုသည့် Novle Prince  ကုမ္ပဏီနှင့် အခြားအကျိုးတူ ကုမ္ပဏီဖြစ်သည့် Sun and Rainbow ကုမ္ပဏီတို့က လျှောက်ထားခြင်းဖြစ်            ကြောင်း ဖဒိုစောဝင်းခိုင်က ပြောသည်။
အကောင်အထည်ဖော်မည့် စီမံကိန်း ဧရိယာမှာ ၆၆၇၈ ဧကဖြစ်ပြီး ယင်းမြေ ပြင်ကို နေပြည်တော်ရှိ သက်ဆိုင်ရာ မြေစာရင်းဌာနက တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ် ခဲ့ပြီးဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။
“မြေတိုင်းပြီးတော့ သူတို့အနေနဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း အဆင့် ဆင့် လုပ်ဆောင်ရဦးမှာပေါ့။ လောလော ဆယ်တော့ မြေတိုင်းပြီးတဲ့ အဆင့်ပဲ ရှိပါသေးတယ်” ဟု ဖဒိုစောဝင်းခိုင်က ပြောသည်။
ယင်းစီမံကိန်းအတွက် အထက်ပါ ကုမ္ပဏီနှစ်ခုမှ ပြည်တွင်းပြည်ပမှ ရင်း နှီးမြှပ်နှံမည့်သူများအား ဖိတ်ခေါ်၍ လုပ် ငန်းကို အကောင်အထည် ဖော်မည် ကြောင်း ၎င်းက ပြောသည်။

 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လက်ခံမည်ဆိုသော်လည်း ယင်းနိုင်ငံ ခြား ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီများကို စီမံ ကိန်းတစ်ခုလုံးအား စီမံခန့်ခွဲစေခြင်း မျိုး လုပ်မည်မဟုတ်ဘဲ အထက်ပါ ပြည်တွင်းကုမ္ပဏီနှစ်ခုကသာ စီမံကိန်း ကို စီမံခန့်ခွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စက်မှုဇုန်တွင် မည်သည့် စက်ရုံ များ ပါဝင်မည်ကို လက်ရှိ အချိန်တွင် မပြောနိုင်သေးဘဲ ရင်းနှီးမြှပ်နှံမည့် ကုမ္ပဏီများ အပေါ်တွင်လည်း မူတည် ကြောင်း ဖဒိုစောဝင်းခိုင်က ဆိုသည်။

 
ဒေသခံ ကရင်တိုင်းရင်းသားများ အပါအဝင် တနင်္သာရီတိုင်းတစ်ခုလုံးမှ ဒေသခံများ၊ ထိုင်းနိုင်ငံတွင်ရွှေ့ပြောင်း လုပ်ကိုင်နေသည့် ဒေသခံ အလုပ်သမား များကို အလုပ်အကိုင်ရရှိစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စီမံကိန်းကို အကောင် အထည်ဖော်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 
“ကေအင်န်ယူတပ်ဖွဲ့ဝင် မိသားစု၊ ကရင်တိုင်းရင်းသား၊ ဒေသခံတွေရော အလုပ်အကိုင်အခွင့်လမ်းရနိုင်မယ့် လုပ် ငန်းတွေပေါ်ပေါက်လာရင်တော့ အတိုင်း အထက် အလွန်ကောင်းတာ ပေါ့နော်။ ဒေသက လူတွေလည်း အလုပ်အကိုင်ရ တာပေါ့” ဟု ထားဝယ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးကျော် ကျော်ဦးက ပြောသည်။

 
သို့သော် သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် စက်မှုလုပ်ငန်း ပါဝင် မည် ဆိုပါက အဆင်ပြေမည်မဟုတ်ဘဲ စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် အဆိုပါအချက်ကို ထည့်သွင်းစဉ်းစား စေလိုကြောင်း ၎င်းက မှတ်ချက်ပြုသည်။
စီမံကိန်းမှာ လက်ရှိအချိန်တွင် လျှောက်ထားဆဲသာဖြစ်ပြီး မည်သို့ အကောင် အထည်ဖော် မည်ဟူသည့် အသေးစိတ်ကိုမူ လက်ရှိအချိန်တွင် မပြောနိုင်သေးကြောင်း ဖဒိုစောဝင်းခိုင် က ပြောသည်။

 
ထားဝယ်-ထီးခီးလမ်း တစ်လျှောက် တွင် ခရီးသည်ကားများကို  ငွေကြေး ကောက်ခံနေသည့် ကေအင်န်ယူ၏ ဂိတ် များကို ဖျက်သိမ်းပေးရန် တနင်္သာရီတိုင်း အစိုးရအဖွဲ့က အကြောင်းကြားခဲ့ဖူးပြီး တပ်ဖွဲ့ဝင် များ၏ စားဝတ်နေရေးအတွက် အခြား နည်းလမ်းများဖြင့်အဆင်ပြေစေ ရန် ညှိနှိုင်းဆွေးနွေးမည်ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောဆိုဖူးသည်။
ထားဝယ်ဒေသတွင် အကောင် အထည်ဖော်မည့် နာမည်ကြီး စီမံကိန်း တစ်ခုဖြစ်သည့် ထားဝယ် အထူးစီးပွား ရေး ဇုန်စီမံကိန်း မှာမူ လက်ရှိအချိန်တွင် အလှုပ်အခတ်မရှိဘဲ ငြိမ်သက်လျက်ရှိ သည်။