လူငယ်၊ ခေတ်ရေစီးနှင့် ဂိမ်း

0
729

တူမလေးက ဂိမ်းသရဲ တစ်ဦး ဖြစ်ပါသည်။
သူ့မိခင် (ကျွန်တော့်အစ်မ)က သူ့ သမီး ငါးတန်း အရောက်မှာ ခေတ်သစ် အဋ္ဌာရဿ ၁၈ ရပ်အနက် တစ်ခုအပါ အဝင်ဖြစ်သော ကွန်ပျူတာပညာရပ်နှင့် ရင်းနှီးကျွမ်းဝင်စေဖို့ သမီးဖြစ်သူအား ဗခနမ လက်ပ်တော့ပ်လေး တစ်လုံး ဝယ် ပေးလေသည်။

ထိုအချိန်က လက်ပ်တော့ပ် ဈေးနှုန်းမှာ ခေါင်ခိုက်လျက်ရှိပြီး တစ်လုံး ၇ သိန်းခန့် ပေးရပေမယ့် အစ်မက တစ်ဦး တည်းသော သမီးအတွက်မို့ နှမြောတွန့်တို ခြင်း အလျဉ်းမရှိ။ ကိုယ်မှ မတီထွင် တတ်တာ၊ ၇သိန်းလည်း တန်ပါ တယ်ဟု သဘောထားလေသည်။ သို့နှင့် သူတစ်ပါး တိုင်းပြည်မှာကားပေါ်မှာ ဖြစ်စေ၊ ရထား ပေါ်မှာဖြစ်စေ၊ လေယာဉ် ပေါ်မှာ ဖြစ်စေ၊ ကော်ဖီဆိုင် ထိုင်ရင်းဖြစ်စေ ခရီးသွား ဟန်လွှဲ အသုံးပြုကြသော အပေါ့စား ကွန်ပျူတာလေးသည် ကျွန်တော်တို့ အိမ်ပေါ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလာပါတော့သည်။

 
ထိုသို့ အများတကာက လိုတရ မှော်သေတ္တာလေး တစ်လုံးလောက်နီးပါး တင်စားပြောဆို နေကြသော အပေါ့စား ကွန်ပျူတာလေးတစ်လုံးလက်ထဲ ရောက် ရှိလာပေမယ့် မျောက်အုန်းသီး ကောက်ရ သလို တစ်အိမ်သားလုံး ဘယ်နေရာမှာ ဘယ်လို အသုံးချရကောင်းမှန်း မသိ။ ပါဝါ အဖွင့်အပိတ်မှလွဲ၍ တခြားထွေထွေ ထူးထူး ဘာမှ မသုံးတတ်ပေ။ ဤတွင် ကိုယ့်ထက် ကွန်ပျူတာအကြောင်း ပိုတီး မိခေါက်မိရှိသော သူငယ်ချင်းတချို့က ငါတို့လည်း ဒီလိုပဲ လျှောက်ကလိရင်း တဖြည်းဖြည်း နားလည်လာတာပဲဟု နည်းပေးလမ်းပြလုပ်ပေမယ့် မတော်တဆ ပျက်သွားရင် ခက်ရချည်ရဲ့ဟု စိုးရိမ်စိတ် ကြောင့် မည်သူမှ မထိရဲ၊ မကလိရဲကြပေ။

youth_and_age_
တချို့ကလည်း ကွန်ပျူတာ အသုံး ပြုနည်း စာအုပ်တွေ ဝယ်ဖတ်ဖို့ အကြံ ပေးပေမယ့် ရသကင်းမဲ့သလောက်    ညွှန်ကြားချက်တွေ ဖောင်းပွနေသော နည်းပညာ စာအုပ်တွေကို ဖတ်ရ ဝန်လေး သောကြောင့် ဝယ်မဖတ်ဖြစ်ပါ။ သို့နှင့် လက်ပ်တော့ပ်လေးကို ဒီအတိုင်း အရိပ် တကြည့်ကြည့် ထားလိုက်ရပြီး နွေရာသီ    ကျောင်းပိတ်ချိန် ရောက်မှ တူမလေးကို ကွန်ပျူတာ သင်တန်းတစ်ခုမှာ သွား ရောက် အပ်နှံပေးရလေသည်။
ကနဦးတွင် ခေတ်ပေါ်ပစ္စည်း အသစ်အဆန်း တစ်ခုနှင့် စတင် ထိတွေ့ ရင်းနှီးခွင့် ရသောကြောင့်လား မသိ။ တူမလေးမှာ ကွန်ပျူတာကို တမ်းတမ်းစွဲ ဖြစ်သွားလေသည်။ နေ့စဉ် သင်တန်းမှ ပြန်လာတိုင်း လက်ပ်တော့ပ်ကို ဖွင့်၊ သင် တန်းမှ ပေးလိုက်သော စာရွက်လေး တစ် ရွက်ကို ရှေ့မှာချပြီး သဲကြီးမဲကြီး စာရိုက် လေ့ကျင့်ပါတော့သည်။ သို့ဖြင့် သင်တန်း ကာလ ၂လခန့်တွင် တူမလေး၏ လက် များမှာ ကီးဘုတ်ခလုတ်များအပေါ် ပြိုင်မြင်းတစ်ကောင် ကဆုန်စိုင်းသလို ဂျောင်းဂျောင်း ပြေးနေပြီး အင်္ဂလိပ်-မြန် မာ နှစ်ဘာသာစလုံးကို ကျွမ်းကျွမ်း ကျင်ကျင် ရိုက်တတ် သွားလေတော့သည်။ သို့သော် ကျောင်းဖွင့်ချိန် နီးကပ် လာပြီမို့ ကွန်ပျူတာ သင်တန်း တစ်ခန်းရပ် ခဲ့ရပြီး နောက်နှစ်အတွက် ကျူရှင် ကြိုတက် ရလေသည်။

 
ထိုသို့ ကျူရှင် ကြိုတက်နေပေမယ့် နွေရာသီ ကျောင်းပိတ်ရက်က မကုန်ဆုံး သေးသောကြောင့် အချိန်ပိုလေး ရှိသေး ရာ တူမလေး မှာ ကျူရှင်မှ ပြန်လာတိုင်း တစ်နေကုန် သူ့လက်ပ်တော့ပ်လေး တစ်လုံးနှင့် တကုပ်ကုပ် အလုပ်ရှုပ်နေ တတ်ပါသည်။ သို့သော် ကွန်ပျူတာ သင်တန်း တက်တုန်းကလို စာရိုက်လေ့ ကျင့်ခြင်း မဟုတ်ဘဲ ဂိမ်းကစားခြင်း ဖြစ်ပါသည်။ အများအားဖြင့် တူမလေး ကစားလေ့ရှိသော ဂိမ်းများမှာ  Angry Birds? Planets & Zombies? Zuma…..အစ ရှိသော ဂိမ်းများဖြစ်ပြီး တစ်ခါတစ်ရံ တစ်နေကုန် ထမင်းမေ့ ဟင်းမေ့ ထိုင်ကစားတတ်သောကြောင့် သမီးဖြစ်သူကို နည်းပညာနှင့် ယဉ်ပါး စေချင်သော မိခင်ကိုယ်တိုင်က တစ်နေ့ မှာ ဘယ်နှစ်နာရီသာ ကစားရမည်ဟု ဟန့် တားယူရပါလေသည်။ သို့သော်လည်း အစ်မဖြစ်သူ၏ အမိန့်မှာ တစ်ဦးတည်း သော သမီးအပေါ် ဥပဒေကဲ့သို့ အာဏာ မတည်ဘဲ ရေခဲတုံးကို ပန်းပုထုနေသလို ပင်။ သမီးဖြစ်သူက တစ်ချက်လောက် စိတ်ကောက် ပြလိုက်တိုင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ အလျှော့ပေး ရစမြဲပင်။ ထိုအပြင် တူမလေးက ပါးနပ် သည်။ ဒီနောက်ပိုင်းတွင် မိခင် ဖြစ်သူ ကိုပါ ဂိမ်းကစားနည်း သင်ပေးလိုက်သော ကြောင့် သားအမိနှစ်ယောက် ပုလင်းတူ ဘူးဆို့တွေ ဖြစ်ကာ မိခင်ကလည်း မတားမြစ်သာတော့။

 

မိဘများဘက်က ပြန်တွေးကြည့်ပြန်တော့ ကလေးက မိမိ မျက်စိအောက်မှာ ငြိမ်ငြိမ်သက်သက် ထိုင်ကစား နေသောကြောင့် ဘာဘာညာ ညာ သိပ်စိတ်မပူရတော့ပေ။တစ်နေ့ တူမလေး လက်ပ်တော့ပ် တစ်လုံးနှင့် သဲကြီးမဲကြီး ဂိမ်းကစားနေ တုန်း အသံမပေး ဘာမပေးနှင့် သူ့  နောက်မှ မသိမသာ အကဲခတ်မိပါသည်။

 

ထိုနေ့က တူမလေး ကစားနေသော ဂိမ်း မှာ ရောင်စုံဘောလုံးလေးများကို ကျင်းထဲ မဝင်အောင် ကစားရသော Zuma ဖြစ်ပြီး လောလောဆယ် သူရောက်ရှိနေသော Level မှာ SUNGOD  ဖြစ်လေသည်။ အဆိုပါ Level မှာ Zuma ဂိမ်းတွင် အမြင့်ဆုံး ဖြစ်ပြီး ရောင်စုံ ဘောလုံး လေးများမှာ အမြန်ဆုံး အရှိန်အဟုန် ဖြင့် ကျင်းဝသို့ ချဉ်းကပ်လာသော ကြောင့် တူမလေး ပျာယာခတ်စပြုလာ လေသည်။ ထိုအခက်အခဲကို  ဘယ်လို ကျော်ဖြတ်မလဲဟု စိတ်ဝင်တစား စောင့် ကြည့်နေစဉ် တူမလေးက ဏကျေန နှိပ်ချ လိုက်လေသည်။ ပြီးနောက် ဘယ်ဘော လုံးကို ပစ်ရမလဲဟု စိန်ပြေနပြေ လိုက်ရှာ သည်။ ထိုအပြင် Right Click တစ်ချက် ပေးပြီး ဘောလုံးကို အရောင်ပြောင်းကာ စိတ်ကြိုက် အနေအထားရမှ ဆက်ကစား လေသည်။

 

သို့သော် လေးငါးချက် လောက်ပစ်အပြီး ရောင်စုံဘောလုံးများ မှာ ကျင်းဝနှင့် ပိုနီးကပ်လာသောကြောင့် ဂိမ်းအိုဗာ ဖြစ်လုဖြစ်ခင်မှာ တူမလေးက ဂိမ်းကို ရပ်ပစ်လိုက်ပြီး အစမှ ပြန်ကစား ပါတော့သည်။ဒီဘက်ခေတ် ကလေး အများစုမှာ ဂိမ်းကို အရူးအမူး စွဲလမ်းကြလေသည်။ အထူးသဖြင့် အင်တာနက်ဖြင့် ချိတ် ဆက်ပြီး ကစား ရသော ဃဥဃ ဂိမ်းများ ပေါ်လာသောအခါ ကလေးများ သာမက လူကြီးများပါ ဂိမ်းခရေဇီတွေ ဖြစ်ကုန်ကြ လေသည်။ မက်ချီဂန် တက္ကသိုလ်မှ ထုတ် ပြန်သော သုတေသန အစီရင်ခံစာအရ အမေရိကန် ပြည်ထောင်စုရှိ ကလေး များ၏ ၈၀ ရာခိုင်နှုန်းမှာ ဂိမ်းစွဲနေ ကြောင်း သိရပါသည်။

 

သူတို့ထဲက အများစုမှာ ယောက်ျားလေးတွေ ဖြစ်ကြ ပြီး သွေးသံရဲရဲ အက်ရှင်ဂိမ်းများကို ပိုနှစ် သက်ကြောင်း သိရပါသည်။ ထို့အပြင် လက်ရှိ အမေရိကန်နိုင်ငံတွင် ရာဇဝတ်မှု ထူပြွမ်းရခြင်းမှာ လူတစ်ယောက်ကို သွေး အေးအေးနှင့် ရက်ရက်စက်စက် သတ်ပြ သော ရုပ်ရှင်များအပြင် သွေးသံရဲရဲ အက် ရှင်ဂိမ်းများနှင့်လည်း တစ်နည်းတစ်ဖုံ ပတ်သက်နေကြောင်း သုတေသီတို့က အထောက်အထား အကိုးအကား အခိုင် အမာဖြင့် ကောက်ချက် ဆွဲပြလေသည်။

 
သို့သော် လက်နက်အလွယ်တကူ ရနိုင်သော အမေရိကန်လို နိုင်ငံမို့ ယခုလို ဖြစ်ပွားရခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ဒီလောက် ဖြစ်နိုင်စရာ မရှိလောက်ဟု ထင်ပါသည်။ သို့ပေမယ့်လည်း သတိ ထားမိသလောက် ဂိမ်းကို နှစ်ရှည်လများ တမ်းတမ်းစွဲ ကစားသော ဂိမ်းသရဲ အများ စုမှာ အမြဲစိတ်အလိုမကျ ဖြစ်နေ တတ် သလို ပတ်ဝန်းကျင်နှင့်လည်း ကင်းကွာ မှန်းမသိ ကင်းကွာလာတာ တွေ့ရသည်။

 
ထိုအပြင် သက်မဲ့ဖြစ်သော စက်နှင့် သာ အမြဲလိုလို ကစားနေသော သူတို့ လေးတွေမှာ လူလူချင်း ကာယ၊ ဥာဏ ချင်းအပြိုင်ကစားရသော အားကစား နည်းများ၌ အများအားဖြင့် ဝင်ရောက် ယှဉ်ပြိုင် ကစားလေ့မရှိ။ ကျွမ်းကျင်မှု မရှိတာက တစ်ကြောင်း၊ လူလူချင်း အရှုံးမခံရဲတာကတစ်ကြောင်း ဖြစ် ကောင်း ဖြစ်နိုင်ပါသည်။

 
ကျွန်တော်တို့ ငယ်စဉ်က ဂိမ်းတွေ မရှိသလို ယခုလိုကျောင်းစာ ဖိစီးမှုလည်း သိပ်မရှိသောကြောင့် မိမိ စိတ်အား ထက် သန်ရာ ကစားနည်းကို ရွေးချယ် ကစား လေ့ ရှိပါသည်။ ထို့အတူ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ပြိုင်ပွဲတိုင်းမှာ ဝင်ရောက် ဆင်နွှဲလေ့ ရှိပါသည်။ နိုင်သည့်အခါ လည်း နိုင်သလို လူပုံအလယ် အရှက် နှစ်ခြမ်း ဗြန်းဗြန်းကွဲအောင် မရှုမလှရှုံး သည့်ပွဲများလည်း ရှိခဲ့ဖူးပါသည်။ တချို့ သော ပွဲတွေဆို ရှုံးနေရသည့်အထဲ မထိ တထိ အရိခံရသောကြောင့် အသားများ ပင် တဆတ်ဆတ် တုန်လာသည်အထိ ဒေါသထွက်ရလေသည်။ သို့သော် တဖြည်း ဖြည်းနှင့် အားကစား လောကဓံကို ခံနိုင် ရည်ရှိလာသောအခါ တစ်ဖက်သားက အမှားတွေ့အောင် စိတ်ကိုဘယ်လိုပင် ဆွပေးပေမယ့်မမှုတော့။

 
ထိုအတွေ့အကြုံများမှာ လူလူချင်း ကစားသော အားကစား နည်းများမှာသာ ရရှိနိုင်ပြီး စက်နှင့်လူ ကစားသော ဂိမ်း များမှ ရနိုင်စရာ အကြောင်းမရှိပေ။ ထို့ အပြင် လူလူချင်း ကစားသော အားကစား ပွဲများ၌ ကိုယ်ကမရှုမလှရှုံးနိမ့် နေပေမယ့် တူမလေး ဂိမ်းကစားသလို ကစားပွဲကို ချက်ချင်း ရပ်ပစ်လိုက်လို့ မရပါ။ ပွဲချိန် စေ့သည်အထိ (သို့မဟုတ်) သတ်မှတ် ထားသော ပွဲရေ ပြည့်သည်အထိ ဆက် ကစားပေး ရပါသည်။ ထိုသို့ အရှုံးခံ  ကစားရင်းအားကစား စိတ်ဓာတ်ဆိုတာ ဘာလဲဟု နားလည် သဘောပေါက် လာ သလို  အကောင်းဆုံး အရှုံးသမား ဖြစ် အောင်ကြိုးစားကစားတတ်လာ ပါသည်။

 
သို့ပေမယ့် တူမလေး အပါအဝင် ကိုယ့်ပတ်ဝန်းကျင်ရှိ ဂိမ်းသရဲ လေးများ ကို ဂိမ်းကစားတာ လျှော့ပြီး စိတ်ပါဝင် စားမည့် အားကစား တစ်ခုခုပြောင်းကစား ကြည့်ပါလားဟု မတိုက်တွန်းရဲပါ။ အကယ်၍ သူတို့ဘက်က “ဘယ်မှာလဲ အချိန်၊ ဘယ်မှာလဲကစားကွင်း” ဟု ပြန် မေးလာပါက ကျွန်တော့်မှာ အဖြေ အဆင် သင့် မရှိသောကြောင့် ဖြစ်ပါသည်။
သို့သော် ယခုတစ်လော တူမလေး တစ်ယောက် ယခင်ကလို လက်ပ်တော့ပ် လေးတစ်လုံးနှင့် တစ်နေကုန် ဂိမ်းမက စားတော့ပေ။ အတန်းကြီးလာတာနှင့် အမျှကျောင်းစာတွေဖိစီး လာသောကြောင့် မဟုတ်။ သူ့မိခင်က သူ့ကို စမတ်ဖုန်းတစ်လုံး ဝယ်ပေးလိုက်ရာ အဆိုပါ ဖုန်းဖြင့် ဖေ့စ် ဘွတ်ခ်ခေါ် လူမှုကွန်ရက်ထဲ၌ တစ်နေကုန် မွေ့လျော်နေသောကြောင့် ဖြစ်ပါသည်။