ကော့သောင်း ရဲစခန်း ဖုန်းကို ညအချိန်မတော် ဖုန်းသရဲများ နေ့စဉ် ရက်ဆက် နှောင့်ယှက်

0
529

ကော့သောင်းမြို့မ ရဲစခန်းဖုန်းအား ညအချိန်မတော် ဖုန်းဆက်ပြီး နှောင့် ယှက်မှုများ နေ့စဉ်ရက်ဆက် ကြုံလာရ သည်ဟု ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလကတည်းက ကြုံ နေရခြင်းဖြစ်ပြီး အဆိုပါ ဖုန်းသရဲများ ကြောင့် ရဲလုပ်ငန်းကို များစွာ အနှောင့် အယှက် ဖြစ်စေသည်ဟု မြို့မရဲစခန်း စခန်းမှူးက ပြောသည်။


ဖုန်းခေါ်ကာ ဆဲဆိုကြသည့်အပြင် ညလုံးပေါက် ဖုန်းခေါ်ကာ အနှောင့် အယှက်ပေးသည့်အတွက် ဖုန်းကို လိုင်း ဖြုတ်ထားသည့်အခါအရေးပေါ် ကိစ္စများ အတွက် ရဲစခန်းကို ဖုန်းဆက်သည့်အခါ အဆက်အသွယ်မရ ဖြစ်ကြရသည်ဟု စခန်းမှူးက ပြောသည်။
” ဘယ်သူ ဘယ်ဝါ ဘယ်ဖုန်းနဲ့ ခေါ်တာကို အစက ဖုန်းမှာ မပေါ်တော့ မသိရဘူး၊ အခု ဆက်သွယ်ရေးကို အကူအညီ တောင်းပြီး နံပါတ်ပေါ်တဲ့ ဖုန်းနဲ့လဲ ထားရတယ်” ဟု စခန်းမှူး ဒုရဲမှူး မျိုးညွှန့်က ဆိုသည်။လက်ရှိတွင် ဖုန်းနံပါတ်ကို မြင်ရ ပြီဖြစ်သော်လည်း ဖုန်းသရဲများက ဖုန်းနံ ပါတ်ခဏခဏ ပြောင်းဆက်ပြီး ပြန် ဆက်သွယ်သည့်အခါတွင်လည်း ဖုန်း ပိတ်ထားသည်ဟု အထက်ပါ ရဲစခန်းမှ သိရသည်။
ယခုကဲ့သို့ အကြောင်းမဲ့ နှောင့် ယှက်ခြင်းသည် အများပြည်သူအကျိုးကို ဖျက်ဆီးသကဲ့သို့ဖြစ်နေသည်ဟု ကော့ သောင်းမြို့ ပိတောက်ရွှေဝါ ရပ်ကွက်နေ ဦးမြင့်အေးက ဆိုသည်။ဖုန်းဆက် အနှောင့်အယှက် ပေး သည်ကို ယခင်က ကြုံဖူးသော်လည်း ယခုကဲ့သို့ နေ့စဉ် ရက်ဆက် နှောင့်ယှက် သည်မျိုး မကြုံဖူးဟု အထက်ပါ ရဲစခန်း ထံမှ သိရသည်။
ယင်းသို့ ဖုန်းဆက်နေသူများအား ပြစ်မှုထင်ရှားပါကဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ အရ၊ ၃ နှစ်ထက် မပို သော ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်  ၂ ရပ်စလုံးကို ချမှတ် နိုင်သည်ဟု သိရသည်။