ငါးအမှုန့်ကြိတ်စက်ရုံများ အနံဆိုး ပပျောက်အောင် လုပ်ဆောင်ရန် ဝန်ကြီးချုပ်သတိပေး

0
431

မြိတ်မြို့အင်းလေးမြိုင်စက်မှုဇုန်အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံများမှအနံဆိုးများ ပပျောက်အောင်လုပ်ဆောင် ရန် ဇွန်လ ၈ ရက်နေ့က စက်ရုံတာဝန် ရှိသူများကို တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က သတိပေးလိုက်သည်။

ဝန်ကြီးချုပ်ကနှုတ်ဖြင့် သတိ ပေးခဲ့ပြီး ဌာနဆိုင်ရာအနေဖြင့် စက်ရုံ များကို ဇွန်လ ၉ ရက်နေ့က စာထုတ် ထားပြီးဖြစ်ကြောင်း မြိတ်ခရိုင် ငါးလုပ် ငန်းဦးစီးဌာန ဦးစီးမှူး ဦးစိန်သောင်းက ပြောကြားသည်။တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များက ထိုင်းနိုင်ငံမှအပြန်ခရီးတွင် မြိတ်မြို့ အင်းလေးမြိုင်စက်မှုရှိ ငါး အမှုန့် ကြိတ်စက်ရုံများကိုလှည့်လည် ကြည့်ရှုခဲ့ပြီး စက်ရုံတာဝန်ရှိသူများကို ခေါ်ယူပြီး သတိပေးပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အဆောင်ကောင်းကုမ္ပဏီငါးအမှုန့်ကြိတ်စက်ရုံမှ တာဝန်ရှိတစ်ဦး က ပြောကြားသည်။

“စက်ရုံအနံဆိုးများအတွက် ပြင်ဆင် စရာရှိတာပြင် ဆင်ရအောင် ဒီလကုန် အထိခွင့်ပြုနိုင်တယ်။ ဝန်ကြီးချုပ် နောက် တစ်ကြိမ်ထပ်လာလို့ အနံဆိုး တွေရှိနေသေးရင် တွေ့ရှိတဲ့စက်ရုံတွေ အပေါ် ၁၀ ရက်ထပ်ပြီး အချိန်ပေးမယ် လို့ ပြောခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
“၁၀ ရက်တိုးပေးလိုက်လို့ အနံဆိုး ပျောက်အောင် မလုပ်နိုင်ဘူးဆိုရင် အဲဒီ စက်ရုံတွေကို ပိတ်သိမ်းတဲ့ကိစ္စတွေကို ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါတယ်”
စက်ရုံများလိုက်နာမှုရှိ၊ မရှိမှုကို အဖွဲ့ဖွဲ့ကာ စစ်ဆေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြန်တင်ပြ သွားမည် ဖြစ်ပြီး တိုင်းကညွှန်ကြားလာ သည့် အတိုင်း ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ခရိုင်ငါးဦးစီးမှူး ဦးစိန်သောင်း က ပြောပြသည်။

နှစ်ပေါင်းများစွာ အစိုးရအဆက် ဆက်လျစ်လျူရှုခဲ့သော ငါးအမှုန့်ကြိတ် စက်ရုံများ၏ အနံဆိုးဒဏ်ကိုဒေသခံများ ခံစားခဲ့နေခဲ့ရသည်။
“စက်ရုံက အနံ့နဲ့ပတ်သက်ပြီး လုံးဝတာဝန်ယူပါတယ်။ အနံထွက် တဲ့လမ်းကြောင်း ရေထဲပျော်ဝင်စေပြီး မြစ်ထဲသို့ အနံ့ပါမသွားအောင် နည်း စနစ်နဲ့ ဆောင်ရွက်ထားပါတယ်” အဆောင်ကောင်း ငါးအမှုန့်ကြိတ်စက်ရုံ တာဝန်ရှိသူက ပြောပြသည်။
မြိတ်အမှုန့် ကြိတ်စက်ရုံများမှ အနံဆိုးများပပျောက်ရေးအတွက် ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က မြိတ်ဒေသခံပြည်သူများနှင့် အရပ်ဘက် အဖွဲ့အစည်းတစ်ချို့မှ ဆန္ဒထုတ် ဖေါ်ခဲ့သည်။

” ညနေဘက် ၅ နာရီနောက် ပိုင်းဆိုရင် ငါးအမှုန့်ကြိတ်ပြောင်း ၀တွေက မီးခိုးလုံးကြီးတွေလာတာအနံက အရမ်းပြင်းတယ်” ဟု စက်ရုံအနီး ဇေယျာသီရိ(၃)ရပ်ကွက်နေ ဦးအေးကိုက ပြောသည်။မြိတ်မြို့ပေါ်တွင် ငါးအမှုန့်ကြိတ် စက်ရုံ ၄ ခုနှင့် မြိတ်တစ်ဖက်ကမ်း ကျွန်းစုမြို့နယ် ပထော်ပထက်ကမ်းတွင် ငါးအမှုန့်စက်ရုံ ၁ ခု စုစုပေါင်း ၅ ခု ရှိသည်။