အညာအတွေး ရေမှတ်စု

0
523

အညာဘက်သို့ ခရီးထွက်လေ တိုင်း ဆန့်တွေးစရာ အတွေးတွေက ပါလာတတ်သည်။
တမြန်နှစ်ကလည်း မုံရွာဘက် ရောက်တော့ မြို့အဝင်လမ်းမှာ သစ်ပင် တွေမခုတ်ဘဲ လမ်းအလယ်တွင် ထားကာ လမ်းနှစ်သွယ်ဖောက်ပြီး မြို့အဝင်လှပ အောင်၊ သစ်ပင်တွေလည်း ကျန်အောင် စီမံထားပုံကို ရေးခဲ့ဖူးပါသည်။ အခုနှစ် လည်း တစ်လောက အညာဘက်ရောက် တော့ မိမိဒေသနှင့် ပတ်သက်၍ ဆန့် တွေး ဖြန့်တွေးစရာ အတွေးတွေကပါ လာခဲ့ပြန်သည်။

မန္တလေးဘက်ရောက်ချိန် မနက် ၆ နာရီလောက် ကတည်းကပင် အပူ ဒဏ်ကို သိသိသာသာ ခံစားရသည်။ မန္တလေး အပူဒဏ်ကို မခံစားလိုသဖြင့် ညမအိပ်တော့ဘဲ ခရီးဆက်ဖြစ်သည်။ပုဂံဘက်ကို သွားမည်ဆိုတော့ မန္တလေးမှ မိတ်ဆွေတွေက ” ပုဂံမှာ ဒီထက်ပူတာ နော်။ ပိုခံရလိမ့်မယ်” ဟု ပြောသည်။ (ကံကောင်းသွားသည်က ပုဂံမှာနေခဲ့သမျှ သုံးရက်စလုံး မုန်တိုင်း အရှိန်ကြောင့် မိုးရွာတာနှင့် ကြုံခြင်းဖြစ်သည်။)မန္တလေးမှာ မနက်စောစော ကတည်းက ခံစားခဲ့ရသော အပူဒဏ်က ရွှေဘိုနား ချဉ်းကပ်သည်အထိ ပူကောင်းတုန်းဖြစ် သည်။ မိမိတို့က ဟန်လင်း ပျူမြို့ ဟောင်းသို့ ခရီးဆက်ခြင်းဖြစ်ရာ ရွှေဘို ခရိုင်၊ ဝက်လက်ဘက်အရောက်မှာတော့ အပူ သိသိသာသာပင် လျော့ကျသွားသည် ကို သတိထားမိလိုက်သည်။
water_from_upper

ကားပြတင်းက ကြည့်လိုက်တော့ စိမ်းစိမ်းစိုနေသော လယ်ကွင်းပြင်ကျယ် က မျက်စိတစ်ဆုံး။ စိတ်ထဲအံ့ဩသွား သည်။ အညာဟူသည် ထနောင်းပင်၊ ဆူးခြုံ ပင်တွေနှင့် လွင်တီးခေါင်ဖြစ်နေ လိမ့်မည်ဟု မျှော်လင့်ခဲ့သော အညာနှင့် စိမ်းသည့် မိမိအတွက် ထိုမြင်ကွင်းက အံ့အားသင့်စရာ ဖြစ်စေသည်။ အညာ နွေလယ်ခေါင်မှ အိုအေစစ်ပေပဲလား။ စိမ်းစိုနေသော လယ်ကွင်း၊ ပြီးတော့ နှမ်းခင်းတွေ။ အညာနှင့်စိမ်းသူ မိမိအဖို့ ရေရှားမည်ဟု ထင်ထားခဲ့သော နေရာမှာ ရေသွယ်မြောင်းတွေနှင့် ရေသည် တသွင် သွင် စီးဆင်း။ အချို့က ရေစည်လှည်း တွေနှင့် ရေကန်တချို့မှာ။ အချို့က ရေအိုးကိုယ်စီ။
အတွေးက မိမိတို့ဒေသဆီရောက် သွားသည်။ မိမိထားဝယ်မှ ထွက်မလာ ခင် အချိန်ထိမိုးများသော ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်သည့် ထားဝယ်ဒေသ နေရာအနှံ့မှာ လူမှုရေး ပရဟိတအစု အဖွဲ့တွေ ရေလှူကောင်းတုန်း ဖြစ်သည်။

ရှင်မုတ္ထီး၊ ညောင်ဇင်၊ စော်ဝ၊ ရောင်းမော်၊ သဲတော၊ ဝေဒီ၊ ကညုံကျွန်း နေရာတွေမှာ နေ့နေ့ညည ရေ အလှူကောင်းတုန်း။ အချို့က လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ရေရှားပါးခဲ့သည့်နေရာ တွေ။ အချို့ကျေးရွာတွေက ဒီနှစ်မှာမှ အယ်လ်နီညိုကြောင့် ရေရှားစာရင်းထပ် တိုးလာခြင်း ဖြစ်သည်။ အရပ်စကား တွေအရတော့ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းတချို့က စီမံချက်အရ ဆောက် လုပ်ပေးထားသည့် ရေတွင်းတွေက တကယ့်အရေးကြုံလာစဉ်မှာ အလုပ် မဖြစ်ဟု ဆိုကြသည်။

ရေတွင်း ရေကန်ဆောက်ခဲ့သည့် ကန်ထရိုက် မိတ်ဆွေတွေကတော့ ရာသီ ဥတုပြင်းလွန်းလို့ပါလို့ အကြောင်းပြ သည်။မည်သို့ဆိုစေ။ အချိန်တို အတွင်း မှာတော့ ကျေးရွာ ရေရရှိရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပါ သည်ဆိုသော ပုဂ္ဂိုလ်ကြီးငယ်တို့၏ စေတနာကို လက်ငင်းပြသွားတာကတော့ သေချာသည်။ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ပဲ လိုပါ သည်။

မိုးများတဲ့ ဒေသပဲလေ..။ ရေရှားလှ အလွန်ဆုံး တစ်လ၊ နှစ်လပေါ့လို့ တာ ဝန်ရှိသူတွေ၊ စီမံချက်အကောင် အထည် ဖော်ခဲ့သူတွေ သဘောထားခဲ့လေသလား တော့ မသိ။ ခုဒီဆောင်းပါးရေးနေချိန်မှာ မုတ်သုန်မိုးက ဖြိုင်ဖြိုင်ရွာနေပြီမို့ ရေ ရှားချိန်ကိုပင် ရယ်ပွဲဖွဲ့ကာ အမြည်း လုပ်နေကြပြီ ထင်သည်။ သည်လိုနှင့်ပဲ နောင်နှစ် နွေရာသီမှာ ရေအလှူပွဲတွေခြိမ့် ခြိမ့်သဲ ကျင်းပကြပါလိမ့်ဦးမည်။ အစိုးရမင်းများလည်း အစည်းအဝေး ထိုင်ကာ ဌာနဆိုင်ရာများပါ ရေအလှူတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြ ပါကြောင်း ဗိနိုင်းတလွင့်လွင့်နှင့် ရေအလှူတွင် တာဝန်ကျေလေး ပါဝင်ကြပါလိမ့်ဦးမည်။

ထိုသို့သော ဆေးမြီးတိုနည်းဖြင့် ဖြေရှင်းခဲ့သော ထားဝယ်ဒေသ ရေရှား ချိန်ကာလတွေမနည်းတော့။ ဆေးမြီးတိုဖြင့် ဖြေရှင်းနိုင်ခဲ့ပုံကို ကျေနပ်ရင်း ပီတိဖြစ်သူတွေလည်း ဖြစ်နေကြပေလိမ့်မည်။ ခေတ် အဆက်ဆက် အုပ်ချုပ်ရေးတာဝန်ယူခဲ့သူတို့သည် ထိုကိစ္စတွေကို ရေရှည် စဉ်းစားရမည့် အရင်းအမြစ်ကိစ္စဟု စဉ်းစားခဲ့ ဟန်မတူ။ မိုးများသည့် ဒေသဖြစ်၍ ရေရှားလည်း ခဏပါပဲဟုတွေးကာ လစ်လျူ ရှုခဲ့ ကြတာလားတော့ မသိ။ ဒါမှမဟုတ် ထိုအချိန်ကို အခွင့်အရေး ကောင်းတစ်ရပ်ဟု မှတ်ယူကာ ဗျူဟာ မြောက်ချန်ထား လေသလား။ ဖြန့်ထွက်၊ ဆန့်ထွက် တွေးကြည့်ခြင်း ဖြစ်သည်။ အခု ပြည်သူ့အစိုးရဟု ဆိုအပ်သော လက်ထက်မှာတော့ ယခုနှစ်ဖြစ်ပေါ်ခဲ့သော ရေရှားမှု ပြဿနာကို အတွေ့အကြုံယူကာ ရေရှည်အတွက် စီမံချက်တွေချ မှတ်ကာ ထိထိရောက်ရောက် ကြိုတင်ဆောင်ရွက်ထားသင့်သည် လို့တော့ တိုက်တွန်းလိုပါသည်။
အညာနွေသည် ပူသည်။

ရေရှားသည် ဆိုသော်ငြား လျှပ်တစ်ပြက် ဆုံတွေ့လိုက်ရသော အညာအချို့ဒေသမြင်ကွင်းက ဆည်အစုအဖွဲ့တွေကြောင့် အန်တုပြီး သား ဖြစ်နေသည်ကိုတော့ တွေ့လိုက်ရသည်။ နွေအပူကို အန်တုရင်း စိမ်းစိမ်းစိုနေသော လယ်ကွင်းပြင်ကျယ်ကိုတွေ့တော့ မိမိတို့ဒေသ သားတွေပဲ ပေါ့လျော့ လွန်းလှလေသလားလို့ အတွေးဝင်မိသည်။ မိမိတို့ဒေသဘက် ရေရှားလေ့ရှိသည့် နေရာတွေမှာ အညာမှာလိုပဲ ဆည်အငယ်စား အစုအဖွဲ့လေးတွေနှင့် (တကယ်အလုပ်ဖြစ်သော ဆည်ကို ပြောတာပါ။ ဟန်ပြဆည်ကို မဆိုလိုပါ။)အန်တုနိုင်အောင် ကြိုတင်ပြင်ဆင်လို့ ကော မရနိုင်ဘူးလားဟု စောကြောချင် ပါသည်။

ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့အတွက် တစ်ခုခုတော့ ပြင်ဆင်ထားသင့် သည်ဟု ထင်ပါသည်လေ။