ပြည်သူ့ရေးရာမူဝါဒချမှတ်ခြင်း

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အစိုးရအသစ် အထူးသဖြင့် တိုင်းဒေသကြီး အစိုးရသစ်မှာ အလုပ်များတောက်လျှောက် စနေပြီ ဖြစ်သည်။ လူအများစကားကို နားထောင်ခြင်း၊ ပြဿနာများရှိသော နေရာကို ကွင်းဆင်းခြင်း စသည်တို့မှာ ကောင်းမွန်သော လုပ်ငန်းစဉ်များဖြစ်သည်။


အချို့သော ပြဿနာများသည် ချက်ချင်း on the spot ဆုံးဖြတ်ရမည့် ကိစ္စများ ဖြစ်ပြီး အချို့ သောပြဿနာများမှာ အချိန်ယူလေ့လာ၊ ဆွေးနွေး၊ သုံးသပ်ပြီး ဆုံးဖြတ်ချက်ချနိုင်မှသာ အားနည်း ချို့ယွင်းချက်နည်းပါးပြီး ပြည့်စုံသော မူဝါဒဖြစ်မည်ဖြစ်သည်။
နိုင်ငံတကာတွင် အစိုးရများ ကျင့်သုံးသော အသုံးများသည့် ပြည်သူ့ရေးရာမူဝါဒ လုပ်ငန်းစဉ်အဆင့် ဆင့်ရှိသည်။ ကနဦးအဆင့်မှာ ပြဿနာရှာခြင်းဖြစ်သည် (Problem Identification) ။  ဖြစ်ပျက်နေသော ကိစ္စရပ်များကို အမှန်တကယ် ဖြေရှင်းရမည့် ပြဿနာ ဟုတ်မဟုတ် လေ့လာခြင်းဖြစ်သည်။ ယင်းမှာ အမှန်တကယ် ဖြေရှင်းရမည့် ကိစ္စဆိုပါက ယင်းပြဿနာကို ဖြေရှင်းရန် ရွေးချယ်လုပ်ကိုင်စရာ မူဝါဒများ ရေးဆွဲရသည့် (Identification of policy options) ။

ထိုအဆင့်တွင် ဖြစ်ပျက်နေသော ပြဿနာကို ဖြေရှင်းရန်နည်းလမ်း အမျိုးမျိုး ရွေးချယ်သတ်မှတ်ထားရသည်။ ပထမ ဦးစားပေးနည်းလမ်း ၊ ဒုတိယ ဦးစားပေး ရွေးချယ်စရာ နည်းလမ်း၊ တတိယနည်းလမ်း စသည်ဖြင့်။ ထိုသို့ ရွေးချယ်ထားသော နည်း လမ်းများ၏ ကောင်းကျိုးဆိုးပြစ်များကို ပညာရှင်များ၊ နိုင်ငံရေး သမားများ၊ သက်ဆိုင်ရာ အသင်းအပင်း အဖွဲ့အစည်းများတို့နှင့် ဆွေးနွေးခြင်း၊ မီဒီယာများမှတဆင့် ပြည်သူလူထုကို တင်ပြခြင်းတို့ဖြင့် ပိုမို ကျယ်ပြန့်သော အကြံပြုချက်များရယူကာ ကောင်းကျိုးဆိုးပြစ်များကို လေ့လာဆန်းစစ်ရသည်။ အချိန် ယူကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်လေလေ ပိုမိုပြည့်စုံ ကုံလုံသော မူဝါဒဆိုင်ရာ ရွေးချယ်စရာ နည်းလမ်းများ ရရှိလေလေဖြစ်သည်။

 

ယင်းနောက် အကြို သုံးသပ်စဉ်းစားထားသော ရွေးချယ်စရာ မူဝါဒများအနက်မှ အကောင်းဆုံး တစ်ခုကို ဆုံးဖြတ်ရွေးချယ်ကာ အကောင်အထည်ဖော်နိုင်သည် (Selection & Implementation)   ။ မူဝါဒတစ်ခုကို အကောင်အထည်ဖော်လိုက်သည်နှင့် ပြည်သူ့ရေးရာ မူဝါဒလုပ်ငန်းစဉ် ပြီးမြောက်သွားပြီဟု မဆိုနိုင်ဘဲ စောင့်ကြပ်ကြီးကြပ်ခြင်း နှင့် ပြန်လည် သုံးသပ်ခြင်း (Monitoring & Evaluation) မှာ အရေးကြီးပါသည်။ ထိုမှသာ စာရွက်ပေါ်တွင် အကောင်အထည် ဖော်ထားခဲ့စဉ် မျှော်မှန်းသည့် ရလာဒ်နှင့် အမှန်တကယ် အကောင်အထည် ဖော်စဉ် ထွက်ပေါ်လာသည့် ရလာဒ်တို့ကို စဉ်ဆက်မပြတ်သုံးသပ်ကာ ပိုမိုကောင်းမွန်သည့် မူဝါဒများကို ပြန်လည်ပြင်ဆင် ရေးဆွဲနိုင် မည်ဖြစ်သည်။
ယင်းကြောင့် အလုပ်လုပ်ရန် စိတ်အားထက်သန်နေသာ အစိုးရသစ် အနေနှင့် ဆန်စင်ရာ ကျည်ပွေ့ လိုက်သော ” လက်လီမူဝါဒ”  များကို အလျင်စလို ချမှတ်နေမည့်အစား ဖြစ်ပျက်နေသော ပြဿနာများ၊ ယင်းတွင် ပါဝင်ပတ်သက်နေသော အုပ်စုများ ကို ပိုမိုကျယ်ပြန့်စွာ လေ့လာကာ ကျယ်ပြန့်ကုံလုံသော ” လက်ကား မူဝါဒ” များ ချမှတ်ရေး ဦးစားပေးသင့်ပါသည်။
ထိုသို့မဟုတ်ဘဲ၊ မီးခိုးကြွက်လျှောက် ဖြစ်လာနိုင်သော အကျိုးအပြစ်များကို သေချာစွာ စေ့ငုခြင်းမရှိဘဲ ပြဿနာဟု မဲမဲမြင်ရာ ချက်ချင်းဆုံးဖြတ်လိုက်ပါက အမှန်တကယ်ဖြစ်ပျက်နေသော ကိစ္စ အရပ်ရပ်ကို ခြုံငုံမိခြင်းရှိမည်မဟုတ်ပါ။ ဆန်စင်ရင်း ကျည်ပွေ့လိုက်ရင်း၊ ဆန်ထပ်စင်ရင်း ကျည်ပွေ့ထပ်လိုက်ရင်း ဖြင့် အတောမသတ်သော မူဝါဒအပြောင်း သံသရာတွင် ချာချာလည်နေမည်ဖြစ်သည်။ မူဝါဒများလည်း ပြောင်းပြီး ပြန်ရင်း ပြောင်းပြန်ရင်းဖြစ်နေမည်။ ရည်မှန်းထားသည့် အဖြေလည်း ထွက်ချင်မှ ထွက်ပေ လိမ့်မည်။