ထီးခီးနယ်စပ်ကုန်သွယ်မှု အစိုးရ ပြန်သုံးသပ်ရန် တိုင်းကုန်သည်အသင်း တောင်းဆို

0
374

မြန်မာနိုင်ငံ နယ်စပ်ဝင်ပေါက် ဖြစ် သည့် ထီးခီးနယ်စပ်စခန်းတွင် ပို့ကုန် သွင်းကုန် အချိုးမညီမျှဘဲ ဖြစ်နေသည့် အတွက် နယ်စပ်ကုန်သွယ်မှုအပေါ် အစိုးရ က ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း  တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ပြောကြားသည်။


ထီးခီးနယ်စပ်အပါအဝင် မြန်မာ တစ်နိုင်ငံလုံးရှိ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးကို အစိုးရက သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းပြီး ကုန်သွယ်ရေး အချိုးအား သေချာလေ့လာရန် လိုအပ် သည်ဟု တိုင်းကုန်သည်နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင် က ဆိုသည်။
” ထီးခီးမှာဆိုရင် သွင်းကုန်က ၉၉ ရာခိုင်နှုန်းနဲ့ ပို့ကုန်က ၁ ရာခိုင်နှုန်းသာ ဖြစ်တဲ့အတွက်ကြောင့် ကုန်သွယ်ရေးအချိုးမညီမျှမှုဖြစ်နေရင် ထီးခီးနယ်စပ်ကြီး Develop (ဖွံ့ဖြိုးရေး)ဟာ ဘယ်သူ့ အတွက် ဖြစ်နေတာလဲလို့ ပြန်သုံးသပ်ဖို့လို နေပြီ ” ဟု တိုင်းဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ပြောသည်။
ထိုင်းနိုင်ငံမှ အဓိကတင်သွင်းသည့် ကုန်ပစ္စည်းအများစုမှာ လူသုံးကုန်ပစ္စည်း များ (စားသောက်ကုန်၊ အလှကုန်နှင့် အထည်အလိပ်) များဖြစ်ပြီး မြန်မာ နိုင်ငံမှ ပြန်လည် တင်ပို့သည့်ကုန်ပစ္စည်း မှာ အုန်းသီးနှင့် ဈေးကောင်းမရသည့် ရေထွက်ကုန်ပစ္စည်း အချို့သာရှိကြောင်း ၎င်းကဆိုသည်။
ယင်းထီးခီးနယ်စပ်မှ ထိုင်းကုန် ပစ္စည်းများ ဝင်ရောက်နေမှုအား တားဆီး ရန်ထက် ဒေသထွက်ကုန်များကို သုတေသန လုပ်ရန် လိုအပ်ကာ နည်းပညာ၊ ငွေကြေး နှင့် ဈေးကွက် လိုအပ်ချက်များအား အစိုးရဦးဆောင်မှုဖြင့် ကုမ္ပဏီများ၊ လုပ်ငန်း ရှင်များ ပူးပေါင်းဆောင်ရွက်ရမည်ဟု ဦးရဲထွဋ်နိုင် ကဆိုသည်။
မြန်မာနိုင်ငံထွက် ဟင်းသီးဟင်း ရွက်တွေကအစ ထုတ်လုပ်မှု စရိတ်မြင့် မားနေခြင်းမှာ မြေဈေးကြီးမြင့်ခြင်းနှင့် လျှပ်စစ်မီး အစရှိသည့် အခြေခံ အဆောက်အဦများ မရှိသည့် အတွက် ထိုင်းနိုင်ငံထက်  ထုတ်လုပ်မှုစရိတ်ကြီး မြင့်နေချိန်တွင် ထိုင်းစားသောက်ကုန် ပစ္စည်းများမှာ နည်းပညာမြင့်စွာ စားချင် စဖွယ်ပြုလုပ်ထားသည့်အတွက် ထိုင်း နိုင်ငံထုတ်ကုန်များအား မယှဉ်နိုင်ဖြစ်ခဲ့ ရကြောင်း ၎င်းက ဆိုသည်။
ထားဝယ်-ထီးခီးလမ်းအခြေ အနေမှာ ကုန်တင်ကားများသွားလာရန် အခက်အခဲရှိသည့်အတွက် ထားဝယ် ဒေသသို့ ယင်းလမ်းမှ ဝင်သည့် သွင်း ကုန်မရှိသလောက်နည်းပါးပြီး မြ၀တီမြို့ နှင့် ရေလမ်းခရီးမှ အဓိက ဝင်ရောက် နေခြင်းဖြစ်ကြောင်း ထီးခီးနယ်စပ်ဂိတ်ရှိ အကောက်ခွန်ဌာန တာဝန်ကျ အရာရှိ တစ်ဦး ကဆိုသည်။
” ဒီဂိတ်က သီးနှံတွေတင်ဆောင် ထားတဲ့ တစ်နိုင်တစ်ပိုင် ဈေးကားတွေ တော့ ဝင်တာရှိတယ်”  ဟု အဆိုပါ အရာရှိက ပြောသည်။
မြန်မာနိုင်ငံဘက်မှ ကျောက်မီး သွေး၊ အုန်းသီးနှင့် ရေထွက်ပစ္စည်း စသည့် အဓိက ပို့ကုန်သုံးမျိုးတင်ပို့နေပြီး ယင်း ကုန်ပစ္စည်းများအပေါ် အခွန်ကင်း လွတ် ခွင့်ပြုထားကာ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် ကြိုတင် ဝင်ငွေအခွန် ၂ ရာခိုင်နှုန်း ကောက်ခံ လျက်ရှိကြောင်း ၎င်းက ဆိုသည်။