ထားဝယ်စီမံကိန်း ဒေသခံများ၏ အသံ NLD စိတ်ဝင်စားဟုဆို

0
693

အစိုးရအသစ်ဖြစ်လာမည့် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရအနေဖြင့် ထားဝယ်စီမံကိန်းရှိ အောက်ခြေဒေသခံများ၏ အသံကို စိတ် ဝင်စားသည့် သဘောရှိကြောင်း NLD ပါတီ၏ စီးပွားရေးဆိုင်ရာ အရေးပါသူ များနှင့် တွေ့ဆုံခဲ့သည့် ထားဝယ်ဖွံဖြိုးရေး အဖွဲ့မှ ဦးသန့်ဇင်က ပြောသည်။

ထားဝယ်စီမံကိန်းနှင့် ပက်သက်၍ ထားဝယ်ဖွံဖြိုးရေးအဖွဲ့ (DDA) မှ ပြုစုထားသည့် သုတေသနများ၊ သတင်း အချက်အလက်များ၊ မှတ်တမ်းများကို NLD ပါတီ၏ စီးပွားရေးကော်မတီဝင် များ၏ လက်ဝယ်ပေးအပ်ခဲ့ပြီး ၎င်းတို့ အနေဖြင့် စီမံကိန်းနှင့်ပက်သက်၍ အောက် ခြေလူထုအသံကို စိတ်ဝင်စားသည်ဟု ပြောနိုင်ကြောင်း ဦးသန့်ဇင်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အ နေဖြင့် စီမံကိန်းများနှင့် ပက်သက်၍ မည်သို့ လုပ်ဆောင်မည်ဆိုသည်ကို လက်ရှိအချိန်တွင် ရှင်းရှင်းလင်းလင်းမသိရှိရသေးသော်လည်း ဒေသခံများ နစ်နာ ဆုံးရှုံးမှုမရှိစေရန် အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် စီမံကိန်းဒေသ များမှ ဒေသခံများ၏ အသံကို နားထောင် ပြီးမှသာ တိကျသည့် မူဝါဒများကို ချမှတ်ဖွယ်ရှိသည်ဟု ၎င်းက ပြောသည်။
NLD စီးပွားရေး ကော်မတီ အနေနှင့် ထားဝယ်၊ သီလဝါနှင့် ကျောက် ဖြူ အထူးစီးပွားရေး စီမံကိန်းတို့ကို ပြန်လည် သုံးသပ်နိုင်ကြောင်း သတင်း မီဒီယာ အချို့ကို ပြောဆိုထားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ တနင်္သာရီ အပတ်စဉ်က NLD ၏ စီးပွားရေး ကော်မတီဝင်သုံးဦးကို ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ယခုအချိန်တွင် မပြောဆို နိုင်သေးကြောင်းသာ ပြန်လည်ဖြေကြား ခဲ့သည်။ထားဝယ်စီမံကိန်းနှင့် ပတ်သက်၍ အကျင့်ပျက်ချစားမှုများ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများ၊ သတင်းအချက်လက် ကြို တင်မရရှိမှု၊ ဌာနေတိုင်းရင်းသား အခွင့် အရေး ချိုးဖောက်ခံရမှုတို့နှင့်ပတ်သက် ၍ ပြုစုထားသော ” လူထုကြားမှ အသံ များ” အစီရင်ခံစာကို ထားဝယ်နှင့် ထိုင်း အရပ်ဘက် လူ့အဖွဲ့အစည်းများက မတ်လ ၇ ရက်တွင် ရန်ကုန်မြို့တွင် ထုတ်ပြန်ခဲ့သည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ပိုင်ခွင့်ရ ကုမ္ပဏီဖြစ်သည့် အီတာလျံ-ထိုင်း ကုမ္ပဏီ၏ စီမံကိန်း အကောင်အထည်ဖော်စဉ် ကာလအတွင်း လူ့အခွင့်အရေးနှင့် ဒေသခံ တိုင်းရင်းသား များ၏ အခွင့်အရေးကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်မှုများကို ကြားနာ အရေးယူပေးရန် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ DDဗ မှ ဦးဆောင်၍ တိုင်ကြားခဲ့သည်။

ထိုသို့သော ပြဿနာများကို ဦးစွာ ရှင်းလင်းပြီးမှသာ စီမံကိန်း ဆက်လက် လုပ်ဆောင်သင့်ကြောင်း ထားဝယ်အရပ် ဘက်အဖွဲ့အစည်းများက ယင်းအစီ ရင်ခံစာ ထုတ်ပြန်ပွဲတွင် ပြောဆိုခဲ့သည်။ ” စီမံကိန်းမှာ ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်ဟာက ပိုများနေလဲ ပြန်သုံးသပ် သင့်ပါတယ်။ ဆိုးကျိုးကများနေတယ် ဆိုရင်တော့ ဆက်မလုပ်သင့်ပါဘူး” ဟု ထားဝယ်အမျိုးသမီးသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဒေါ်စုစုဆွေက ပြောဆို ခဲ့သည်။

ထားဝယ်စီမံကိန်းကို ၂၀၀၈ ခုနှစ် စစ်အစိုးရ လက်ထက်ကတည်းက နား လည်မှုစာချွန်လွှာ ရေးထိုးကာ စတင်လုပ် ဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်း အလို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ဆန်းတွင် ထိုင်းဆောက်လုပ်ရေးကုမ္ပဏီ အီတာ လျံ-ထိုင်းနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။
ဘဏ္ဍာငွေကြေးအခက်အခဲကြောင့် စီမံကိန်း ကြန့်ကြာရပြီးနောက်ပိုင်း ထိုင်းနှင့် မြန်မာ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်သော စီမံကိန်းအဖြစ် အသွင် ပြောင်းခဲ့ပြီး နောက်ပိုင်းတွင် ဂျပန်အစိုးရ ပါ ပါဝင်လာရန် သဘောတူထားသည်။