ထားဝယ်တွင် ကျောက်စရစ် ဈေးတက်

0
736

ဆောက်လုပ်ရေးလုပ်ငန်းများ တစ် ဟုန်ထိုး များပြားလာသည့် ထားဝယ် ဒေသတွင် ၂၀၁၆ နှစ်ဆန်းပိုင်းမှစ၍ ကျောက်စရစ် တစ်ကျင်းပေါက်ဈေးမှာ ငွေကျပ်ခုနှစ် ထောင်ခန့် ဈေးတက် လာခဲ့ကြောင်း အုတ်သဲကျောက် ရောင်း ဝယ်ရေး ဈေးကွက်အတွင်းမှ သိရသည်။

ကျောက်စရစ်တစ်ကျင်းလျှင် ယခင်ကျပ်သုံးသောင်း ရှစ်ထောင်ဝန်း ကျင်မှ ၂၀၁၆ ဇန်နဝါရီလက စတင်ကာ လေးသောင်း ငါးထောင်ကျပ် ဝန်းကျင် အထိ ဈေးမြင့်လာခဲ့ကြောင်း ယင်းဈေး ကွက်မှ သိရသည်။
dawei_small_stones
အလုပ်သမား ရှားပါးလာပြီး အလုပ် သမားခ ဈေးတက်လာခြင်း၊ မြစ်ချောင်း အတွင်း ကျောက်စရစ် စုပ်ရာတွင် သုံး သည့်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းမှု စရိတ်ကြီးခြင်းနှင့် ကျောက်စရစ် အဓိက ထွက်ရှိရာထားဝယ်မြစ်အတွင်း ကျောက် စရစ်ရှားပါးလာခြင်းတို့ကြောင့် ယင်းသို့ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ကောင်းရာဇာ သဲကျောက် ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးကောင်းဆု က ရှင်းပြသည်။

“နွေရာသီဆို ဈေးတက်တဲ့သဘော ရှိပြီး မိုးရာသီဆိုရင် ဈေးပြန်ကျတတ်တဲ့ သဘောရှိတယ်” ဟု ၎င်းက ပြောသည်။
အုတ်သဲကျောက်ဈေးကွက်တွင် ကျောက်စရစ် တစ်မျိုးသာလျှင် ဈေး တက်ခြင်းဖြစ်ပြီး ကျန်အုတ်နှင့် သဲတို့မှာ ဈေးငြိမ်နေကြောင်း သိရသည်။
လက်ရှိတွင် သဲအကြမ်း တစ်ကျင်း လျှင် ကျပ် ၁၅၀၀၀ ခန့်၊ သဲအချော တစ်ကျင်းလျှင် ကျပ် ၂၈၀၀၀နှင့် မြေ အုတ်တစ်လုံး ကျပ် ၆၀ ခန့် ပေါက်ဈေး ရှိကြောင်း ယင်းဈေးကွက်မှ သိရသည်။

“ဈေးတက်တာက ဝယ်လိုအား ရောင်းလိုအား မမျှလို့ဖြစ်မယ် ထင်တယ် ” ဟု ထားဝယ်ဒေသခံ ကန်ထရိုက် ဆောက် လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ထားဝယ်မြို့တွင် မြို့ပြစီမံကိန်း ဧရိယာအတွင်း ဝန်ထမ်းအိမ်ယာများ၊ ရုံးအဆောက်အဦများ၊ နေအိမ်များ စသ ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ တည်ဆောက်နေသကဲ့သို့ အခြားနေရာ များတွင်လည်း အဆောက်အအုံများ အသီးသီး တည်ဆောက်လျက်ရှိသည်။
ထားဝယ်မြို့ ကမ်းနားလမ်းတွင် ကျောက်စရစ် ရောင်းဝယ်ရေးလုပ်ငန်း ၂၅ ခုခန့် ရှိကြောင်း ယင်းဈေးကွက်မှ သိရသည်။