မောင်းမကန် မြေယာပြဿနာ လွှတ်တော်တင်မည်

0
373

လောင်းလုံးမြို့နယ်၊ မောင်းမကန် ကျေးရွာကိုသစ်တော ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောမှ ပယ်ဖျက်ပေးရေးနှင့် ကမ်းခြေမြေကို ထားဝယ်အများပိုင်က အကွက်ရိုက်ရောင်းချသည့် ကိစ္စကို အဖြေ ရှာနိုင်ရန် လွှတ်တော်သစ်သို့ တင်ပြမည် ဖြစ်ကြောင်း မောင်းမကန် မြေယာကိစ္စ ဆန္ဒပြခေါင်းဆောင်များက ပြောသည်။

မောင်မကန်ကမ်းခြေတွင်ORCHID အိမ်ရာစီမံကိန်းကို အကောင်အထည် ဖော်လျက်ရှိသော ထားဝယ် အများပိုင် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ(DDPC )ကို ကန့်ကွက်သည့် ဆန္ဒပြခေါင်းဆောင် များက ဖေဖော်ဝါရီလ ၆ ရက်က အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်သို့ တင်ပြနိုင်ရန် အတွက် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် များကို အကြမ်းရွေးချယ် လျာထားပြီး စီမံကိန်းအချက်အလက်များကို စတင် စုဆောင်းနေပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“အခုဒေသခံတွေကို လိုက်လံရှင်းပြ နေတယ်၊ လာမယ့်လမှာ မောင်းမကန်က ရပ်ကွက်တိုင်း(ရပ်ကွက်၁၄ခု)ကို ကျယ် ကျယ်ပြန့်ပြန့် လိုက်ရှင်းပြမယ်”ဟု လွှတ်တော်တင်ရန်အတွက် ဦးဆောင်သူ တစ်ဦးဖြစ်သည့် မောင်းမကန်ဒေသခံ ဦးမင်းအောင်သူက ဆိုသည်။ ၂၀၀၁-၂၀၀၂ ခုနှစ်တွင် မောင်းမကန်ကျေးရွာ ဧရိယာကို သစ်တောကြိုး ဝိုင်း^ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခံခဲ့ရသည်။

DDPC ကုမ္ပဏီက မောင်းမကန် ကမ်းခြေမြေနေရာ၌ Orchid အိမ် ရာစီမံကိန်းကို အကောင်အထည်ဖော်ရန် ပြီးခဲ့သည့် အောက်တိုဘာလက ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များကို အသိပေး ခဲ့ပြီးနောက် ၈ဝx၈၀ မြေကွက် တစ်ကွက် ကို ကျပ်သိန်း ၆၀၀ နှုန်းဖြင့် အကွက် ရိုက်ရောင်းချခဲ့ခြင်းကြောင့် ဒီဇင်ဘာလ ၁၆ ရက်တွင် မောင်းမကန် ဒေသခံများက ပထမအကြိမ်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

၂၀၁၂ခုနှစ်က DDPC ကုမ္ပဏီ ဥက္ကဋ္ဌ နှင့်မောင်းမကန်ဒေသခံများ တွေ့ ဆုံချိန်တွင် မောင်းမကန်ကမ်းခြေမြေကို မရောင်းပါဟု ပြောဆိုထားသော်လည်း မြေကွက်ရိုက်ရောင်းချလာခြင်း၊ ပတ်ဝန်း ကျင်အခြေအနေနှင့် ဒေသခံများ သဘော ထားကိုရယူပြီးမှ လုပ်ဆောင်မည်ဟူ သည့် ကတိကဝတ်ကို ပျက်ခဲ့ခြင်းကြောင့် လက်မခံနိုင်ဟု ဆန္ဒပြခေါင်းဆောင်များ က ပြောဆိုသည်။
၂၀၁၂ခုနှစ်တွင် DDPC ကုမ္ပဏီ က မောင်းမကန်ကမ်းခြေတွင် ဟိုတယ် ဇုန်စီမံကိန်းဖော်ဆောင်ရန် မြေ ဧရိယာ ၁၄၈.၄၀ ဧကကို မြေယာ အသုံးပြုခွင့် ရရှိပြီး ၂၀၁၅ခုနှစ် ဇွန်လတွင် ယင်းမြေ နှင့် တဆက်စပ်တည်း မြေ ၂၅၄.၈၀ဧက ကို ထပ်မံ၍ မြေယာ အသုံးပြုခွင့်ရရှိရန် လျှောက်ထားသည်ဟု ဒေသခံများထံမှ သိရသည်။