မြေကြီးက ရွှေသီးဖို့

0
641

ကွမ်းသီးဈေးလေး ကောင်းနေလို့ ပေါ့ဗျာ၊ ဈေးများမကောင်းရင် ဘယ်လို လုပ်ရမလဲမသိတော့ဘူး။ ကလေးတွေ လည်း ရှမ်းထဲရောက်မှာပဲလို့ ကရင်တိုင်း ရင်းသားအစ်ကို တစ်ယောက်က ပြောပါ တယ်။ ဒီတစ်နှစ် နှစ်နှစ် အတွင်း ကွမ်းသီးဈေးကောင်း ရနေတာ အားလုံး သိပါတယ်။ ဒီအချိန်မှာ ရာဘာဈေးက လည်းမကောင်း၊ သီဟိုဠ်ဈေးကွက်က လည်းပျက်နေပါတယ်။

ကလုံးထာကျေးရွာ ပတ်ဝန်းကျင်က တောတွေထဲမှာ ၀ဥ၊ ဖာလာ၊ ဒညင်း စတာတွေကို ရွာသားတွေ ကိုယ်ကြိုး စားပြီးရှာနိုင်ရင် ကိုယ်ယူပေါ့၊ တစ်နှစ် တစ်နှစ် ဒီဝင်ငွေက သိန်းထောင်ချီတယ်။ ဒီတောတွေက အများပိုင်၊ အားလုံး ပိုင်တာ၊ အခုရေနက်ဆိပ်ကမ်းလမ်း ကြောင်း ပေါ်လာပြီး အပြင်က သူဌေးတွေ မြေတွေဝင်ယူတယ်။ တောတွေကို အပြောင်ရှင်းပြီး ရာဘာစိုက်တယ်။ အခု ၃^၄ နှစ်အတွင်း ရွာက ဝင်ငွေ အတော် လျော့သွားတယ်။ မြေပိုင်ဆိုင်မှု ပြဿနာ တွေလည်း အတော်များလာတယ်လို့ ကလုံးထာရွာက ရပ်မိရပ်ဖတစ်ဦးက ပြောပြတယ်။
ဒီလို မြေယာပြဿနာတွေက တနင်္သာရီတိုင်း ဒေသကြီးအတွင်းသာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်နေတာပါ။

၁၉၉၉ခုကစပြီး “တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်ရမည်”ဆိုတဲ့ ခေါင်းစဉ်နဲ့ မြေဧက ၁၈သိန်းကျော်ကို ကုမ္ပဏီတွေ ရယူခဲ့တယ်။ ၂၀၁၄ ခုနှစ်ရောက်တော့ မြေဧက ၁၀သိန်းနီးနီး စာရင်းအသစ် ပေါ်လာပါတယ်။ တကယ်တမ်း စီမံကိန်း ကြီး အောင်မြင်ခဲ့ရင် တစ်နှစ်ကို ဒေါ်လာ သန်း ၃၀၀ဖိုးလောက် ဝယ်နေရတဲ့ စားသုံးဆီဖိုး အများကြီး သက်သာ သွား မှာပါ။ အခုတော့ တောတွေလည်း ပြောင်၊ ဒေသခံတွေလည်း ဘ၀ပျက်၊ စားအုန်းဆီကို မလေးရှားက နှစ်စဉ်ဝယ် နေရတုန်းပါ။

ဒီမြေမှာမွေး၊ ဒီမြေမှာနေပေမယ့် ဒီမြေကို ကျွန်တော်တို့ မပိုင်ခဲ့ပါဘူး။ လုပ်ကိုင်စားသောက်ခွင့်ပဲ ရခဲ့တယ်။ ဒါကြောင့် မြေယာသိမ်းဆည်းမှုကြောင့် ပြည်သူတွေရဲ့ ဘ၀တွေများစွာ ထိခိုက် ခဲ့တယ်။ အသက်ရှင်ရပ်တည်ဖို့ မြေမှ မရှိတော့တဲ့နောက် နိုင်ငံကိုစွန့်ခွာပြီး တစ်ဖက်နိုင်ငံမှာ အနှိပ်စက်၊ အညှင်း ပန်းခံပြီး နေထိုင်နေကြရတယ်။ ဒုက္ခ ရောက်တာချင်းအတူတူ အနည်းငယ် စိတ်ဖြေသိမ့်နိုင်မယ့် တစ်ဖက်နိုင်ငံမှာပဲ နေတော့မယ်လို့ ဆုံးဖြတ်ကြပါတယ်။
မြေမူ ဝါဒနဲ့ပတ်သက်ပြီး ၆ ကြိမ် မြောက် မူကြမ်းရေးထားပြီးပြီလို့ သိရတယ်။ ၅ ကြိမ်မြောက်မူကြမ်းကို ပြည်သူကို ချပြတဲ့အခါ အငြင်းအခုံ အတော်ဖြစ်ပြီး ပွဲဆူခဲ့တယ်။ အခု ၆ ကြိမ်မြောက်ကိုတော့ ပြည်သူကိုချပြတာ၊ ဆွေးနွေးတာတော့ မကြားမိသေးဘူး။ ပြည်သူဘက်က ၅ကြိမ်မြောက်မူ ကြမ်းမှာ ပြင်ဆင်ချင်တဲ့အချက်တော်တော် များများ ထည့်သွင်းပေးထားတယ်လို့ ဆိုတယ်။

၂၀၁၂ခုနှစ်မှာ လယ်ယာ မြေဥပဒေနဲ့ မြေလွတ်မြေလပ် မြေရိုင်း ဥပဒေတွေ ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေ တွေက ပြည်သူကို ကာကွယ်ပေးမှု အလွန်နည်းပြီး ရင်းနှီးမြှုပ်နှံတဲ့ ခရိုနီ တွေကိုပဲ မျက်နှာသာ ပေးထားတယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။ ကမ္ဘာ့နိုင်ငံအတော်များ များမှာ မူဝါဒကို အရင်ချမှတ်ပြီးမှ ဥပဒေကို ထုတ်ပြန် ပါတယ်။ မြန်မာကတော့ ပြောင်းပြန်ပါ။တနင်္သာရီတိုင်းဒေသကြီးက စုစု ပေါင်း ၁၀,၇၁၀,၇၅၇ ဧကကျယ်တယ်။ ၂၀၁၅-၂၀၁၆ခု စာရင်းအရ ဒီမြေထဲက ၁,၀၆၁,၁၇၆ဧက စိုက်ပျိုးမြေဖြစ်တယ်။ စိုက်ပျိုးမြေကို (၂)မျိုး ခွဲတယ်။ လယ်မြေ က ၂၃၂,၄၅၇ ဧကရှိပြီး ဥယျာဉ်ခြံမြေက ၈၀၁ယ၃၅၅ဧက ဖြစ်တယ်။ ပြီးတော့ ကိုင်း/ကျွန်းက ၄၃၄ ဧက၊ ဓနိက ၁၉၆၅၉ဧကနဲ့ တောင်ယာ ၇၂၇၁ဧက ဆိုပြီး ရှိပါသေးတယ်။ ဒီစာရင်းကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် သတင်းလွှာ အမှတ်(၈)ရှိ တိုင်းဒေသကြီး မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းကျော်ရဲ့ ရှင်းလင်း တင်ပြမှုအရ တွေ့ရတာပါ။

လူတစ်ဦးကို ပျမ်းမျှ ဆန် ၂ ဘူး စားပါတယ်။ တစ်နှစ်အတွက် ဆန် ၇၃၀ ဘူးလိုတယ်။ ၈ဗူးရှိတဲ့ ပြည်နဲ့ တွက်ရင် ၉၁.၂၅ပြည်၊ ၁၆ပြည်ရှိတဲ့ တင်းနဲ့ တွက်ရင် ၅.၇၀တင်းလိုတယ်။ ဆန် ၁တင်းရဖို့ စပါး ၂.၅ တင်းလောက် ပျမ်းမျှလိုတယ်။ ဒီတော့ လူတစ်ယောက် အတွက် တစ်နှစ်စပါး ၁၄.၂၅တင်းဖြစ်လို့ စပါး၁၅တင်းလိုတယ်လို့ တွက်ကြည့် တယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ လူဦး ရေက ၁,၄၀၈,၄၀၁ ဦး ဖြစ်ပါတယ်။ ဒီစာရင်းက လ.၀.ကရဲ့ သန်းခေါင်စာရင်း အစီရင်ခံစာအတွဲ(၂) ( မေလ၊ ၂၀၁၅ ခုထုတ်)အရ ဖြစ်တယ်။ ဒါကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအတွက် တစ်နှစ် မရှိ မဖြစ်လိုအပ်တဲ့ စပါးက တင်းပေါင်း ၂၁,၁၂၆,၀၁၅ ဖြစ်တယ်။ လယ် ၂၃၂,၄၅၇ဧကရှိလို့ ပျမ်းမျှ တစ်ဧက ၉၀.၈၈တင်း ထွက်ရပါမယ်။ ဝမ်းစာ ဖူလုံဖို့ အတွက်ပါ။
တနင်္သာရီတိုင်းဒေသကြီး သတင်း လွှာအမှတ်(၈)မှာပဲ စိုက်ပျိုးရေး ဦးစီးဌာနရဲ့ တင်ပြချက်ရှိတယ်။ ဒီတင်ပြ ချက်အရမိုးစပါး စိုက်ပျိုးမှုအနေနဲ့ ၂၀၁၅-၂၀၁၆ (ရည်မှန်း) စိုက်ဧက ၂၅၆ယ၈၉၆ ဧကရှိတယ်။ တစ်ဧက အထွက်နှုန်းက ၆၉.၄၂တင်းဖြစ် လို့ စပါးတင်းပေါင်း ၁၇,၈၃၄,၀၆၂ တင်း ဖြစ်မယ်။ နွေစပါးစိုက်ပျိုးမှု စာရင်း က ဒီတင်ပြမှုလုပ်ချိန်မရသေးဘူး။ ဒါ ကြောင့် ၂၀၁၄-၂၀၁၅ခု စာရင်းကို ယူတယ်။ နွေစပါးစိုက်ဧက ၃ယ၆၇၀ ရှိပြီး တစ်ဧက ၁၀၀.၅၉ တင်းထွက်လို့ စပါး ၃၆၉,၁၆၅ တင်း ထွက်ခဲ့တယ်။ ခန့်မှန်း ခြေတွက်ကြည့်ရင် မိုးစပါးနဲ့ နွေစပါး ထွက်ရှိမှုက စပါးတင်းပေါင်း ၁၈,၂၀၃,၂၂၇ ဖြစ်တယ်။ ဝမ်းစာဖူလုံဖို့ စပါးတင်းပေါင်း ၂,၉၂၂,၇၈၈ လိုတယ်။

လက်တွေ့မှာလည်း ဆန်ကို ရန်ကုန်ကနေ တင်သွင်းပြီး တနင်္သာရီတိုင်း ဒေသကြီးထဲ ရောင်းဝယ်နေရတယ်။ မိုးစပါးအထွက်ကို ၆၉.၄၂တင်း၊ နွေစပါးကို ၁၀၀.၅၉တင်းထွက်တယ်လို့ တွေ့ရပေမယ့် လယ်သမားတွေရဲ့ ပြောကြားချက်မှာ ဒီလောက်မရှိပါဘူး။ ဒီစာရင်းတွေကို စနစ်တကျပြန်ကောက်ပြီး လယ်သမားကောင်းစားရေးကို ဖော် ဆောင်ဖို့ လိုတယ်။

စပါးမရှိလည်း မပူပါဘူး။ ကွမ်းသီး နဲ့လဲမှာပေါ့ဆိုပြီး ထားဝယ်သားတစ် ယောက်က ပြောတယ်။ အမှန်လည်း ဒီအတိုင်းပါပဲ။ တနင်္သာရီတိုင်းဒေသ ကြီးရဲ့ အဓိကထွက်ကုန်တစ်ခုက ကွမ်း သီးဖြစ်တယ်။ ဥယျာဉ်ခြံမြေက ၈၀၁,၃၅၅ ဧကဖြစ်တယ်လို့ ဖော်ပြခဲ့ ပီးပါပြီ။ ဒီဥယျာဉ်ခြံထဲမှာ ကွမ်းသီး၊ ဒညင်းသီး၊ ဒူးရင်းသီး၊ မရမ်းသီး၊ နာနတ်သီး၊ ပိန္နဲသီး၊ သီဟိုဋ်သီး၊ အုန်းသီး၊ စုံပဒတ်သီး၊သရက်သီးစတာ တွေက စီးပွားဖြစ်ထွက်တယ်။

ကွမ်းသီး ၁ပိဿာကို ၂၀၁၅-၂၀၁၆မှာ ပျမ်းမျှ ၄၀၀၀ကျပ်နဲ့ တွက်ကြည့်တယ်။ ၁၀နှစ်သားကျော်တဲ့ ကွမ်းပင်တစ်ပင်ကနေ အနည်းဆုံး ကွမ်းသီး ၁ပိဿာထွက်တယ်။ ၁ဧကမှာ ကွမ်းသီးပင် ၅၀၀နဲ့ တွက်တယ်။ ပိ ဿာ ၅၀၀ ထွက်လို့ ကျပ်၂,၀၀၀,၀၀၀ ရှိတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကွမ်းသီးပင်ဧက ဘယ် လောက်ရှိမလဲ၊ ကွမ်းသီး ဘယ်လောက်ထွက်လဲဆိုတာ စာရင်းရှာမရပါ။ ဧက ၁၀၀ယ၀၀၀နဲ့ တွက်ရင်တောင် ဝင်ငွေဘယ်လောက်ကြီးလဲဆိုတာ တွေ့ရ မှာပါ။ မြေစာရင်းဌာနက ကွင်းမဆင်းနိုင်တဲ့ နေရာတွေက ဥယျာဉ်တွေပါထည့်တွက်ရင် ကွမ်းသီးပင်ရဲ့ ဝင်ငွေကို အထူးဂရုစိုက် ရမှာပါ။
အခြားသီးနှံတွေဖြစ်တဲ့ ဒညင်းသီး၊ ဒူးရင်းသီး၊ မရမ်းသီး၊ နာနတ်သီး၊ ပိန္နဲသီး၊ သီဟိုဠ်သီး၊ အုန်းသီး၊ စုံပဒတ်သီး၊သရက်သီး စတဲ့ သီးနှံတွေရဲ့ ဝင်ငွေကိုလည်း အထင်သေးလို့မရပါ။ သစ်တောထဲက ထွက်တဲ့ သစ်၊ ၊ မီးသွေး၊ ဝါး၊ ကြိမ်၊ ပျားရည်စတဲ့ သစ်တောထွက် စာရင်းတွေရဲ့ ဝင်ငွေတွေရှိသလို ၀ဥ၊ဖာလာ၊မျှစ်၊မှိုဆိုတာမျိုး တွေရဲ့ ထွက်ရှိမှုအခြေအနေ၊ ဝင်ငွေတွေကို စာရင်းကောက်မှတ်တမ်းတင်ဖို့ လိုနေ တယ်။

တနင်္သာရီတိုင်းဒေသကြီးရဲ့ အရေးပါတဲ့ စက်မှုသီးနှံလို့ခေါ်တဲ့ အပင်တစ်မျိုးက ရာဘာဖြစ်တယ်။ ရာဘာကို ဒေသခံတွေရော၊ သူဌေး တွေရော မြေတွေ အပြိုင်အဆိုင်ယူပြီး စိုက်ပျိုးနေကြတာပါ။ အစိုးရက ရာဘာကို ရွှေဖြူ ဆိုပြီးတင် စားခေါ်တယ်။ ရာဘာစိုက်ပျိုး ပြည့် အကျိုးဆတိုးထမ်းရွက် စီးပွားတက်ဆိုလားဘဲ။ စက်မှုသီးနှံဖွံ့ဖြိုးရေး ဌာနရဲ့ စာရင်းအရ ၂၀၁၅-၂၀၁၆ (ရည်မှန်း)မှာ စိုက်ဧက ၃၃၉,၀၁၃ ရှိပြီး အောင်မြင်တဲ့ ဧက ၁၃၂ယ၁၈၈ရှိ တယ်။ တစ်ဧကကို ၅၅၅.၅၆ ပေါင်ထွက်ပြီး စုစုပေါင်း ၇၃,၄၅၆,၇၀၇ပေါင်ထွက်မယ်လို့ ဆိုတယ်။ ရာဘာ တစ်ပေါင်ကို မြန်မာငွေ ၅၀၀ကျပ်ဈေး ပျှမ်းမျှနဲ့တွက်ကြည့်ရင် ဝင်ငွေ ဘယ်လောက်ရှိတယ်ဆိုတာတွေ့ရမယ်။

စက်မှုသီးနှံဖွံ့ဖြိုးရေးဌာနရဲ့ အကြီးကျယ်ဆုံး စီးပွားရေးလုပ်ငန်း ကတော့ ဆီအုန်းစိုက်ပျိုးရေးပါ။ ဆီအုန်းကုမ္ပဏီ ၄၀ လောက်ကနေ မြေယူထားတာက ဧက ၉၉၂ယ၉၀၂ရှိတယ်။ စိုက်ထားတာက ၃၅၁,၁၂၇ ဧက ဖြစ်တယ်။ ကျန်တာက ၆၄၁,၇၇၅ဧကပါ။ ၂၀၁၅-၂၀၁၆ (ရည် မှန်း) အရ စိုက်ဧက ၄၀၈,၇၅၅ ရှိမယ်။ အောင် မြင်မယ့်ဧက ၁၃၃,၃၈၂ ရှိမယ်။ တစ်ဧက အထွက်နှုန်း ၃.၈၃တန်မှန်း လို့ ၅၁၂,၀၃၇ တန်ထွက် မယ်။ ဆီအုန်း တစ်တန်ကို ၁၀ဒေါ်လာနဲ့တွက်ရင် ၅ သန်းကျော်မယ်။

ကျွန်တော် စိတ်ကူးယဉ်ကြည့်ပါတယ်။ လယ်မြေ ၂၃၂,၄၅၇ဧက ကို အစိုးရက ကူညီလို့ စပါးတွေအထွက် ကောင်းပြီး ဝမ်းစာဖူလုံတဲ့အပြင် နိုင်ငံ ခြားပို့နိုင်လို့ တစ်ဧကကို ဒေါ်လာ ၅၀ ရရင် ဒေါ်လာ ၁၁သန်း ကျော် ဝင်ငွေရမယ်။ ဥယျာဉ်ခြံဧက ၈၀၁ယ၃၅၅အတွက် တစ်ဧက ဒေါ်လာ ၁၀၀ ဝင်ငွေရရင် တစ်နှစ် သန်း ၈၀ကျော် ဝင်မယ်။ ရာဘာ စိုက်ဧကတွေထဲက အောင်မြင်တယ်ဆိုတဲ့ ၁၃၂,၁၈၈ဧကအတွက် တစ်ဧက ဒေါ်လာ၅၀ ဝင်ငွေရရင်တောင် ဒေါ်လာ ၆သန်း ကျော်ရမယ်။ ဆီအုန်း အောင်မြင်တဲ့ဧက ၁၃၃,၃၈၂အတွက် တစ်ဧက ဒေါ်လာ ၅၀ ဝင်ရင် ဒေါ်လာ ၆ သန်းကျော်ရမယ်။ တစ်နှစ်အတွက် စုစုပေါင်း ဒေါ်လာ ၁၀၃သန်း ဝင်ငွေရပါမယ်။ ဒါတွေက တနင်္သာရီတိုင်း ဒေသ ကြီးရဲ့ ရေလုပ်ငန်း၊ သတ္ထုလုပ်ငန်း၊ သစ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နယ်စပ်ကုန်သွယ်ရေးစတဲ့ အခြားဝင်ငွေရတဲ့ လုပ်ငန်းတွေ မပါ သေးပါဘူး။

နောင်တက်လာမယ့် အစိုးရမင်းများ၊ လွှတ်တော်ကိုယ်စားလှယ် ကြီးများ၊ အကြံပေးပညာရှင်ကြီးများ၊ မူဝါဒချမှတ်သူများအနေနဲ့ လယ်လုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်း၊ ရာဘာလုပ်ငန်း၊ ဆီအုန်းလုပ်ငန်း များအတွက် စဉ်းစားစေချင် တယ်။ အစိုးရရဲ့ မြေမူဝါဒ၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူဗဟိုပြုတဲ့စီးပွားရေးလုပ်ငန်းများကို အကောင်အထည် ဖော်စေချင်တယ်။

ပြည်သူပိုင်မြေယာများကို အစိုးရနဲ့ ခရိုနီပေါင်းပြီး မြေပိုင်ရှင်ကြီး များအဖြစ် အကောင်အထည်ဖော်နေခဲ့ရာမှ ပြည်သူတစ်ဦးချင်းက မိသားစုရပ်တည်နိုင်တဲ့ မြေပိုင်ဆိုင်ပြီး အစိုးရက လိုအပ်တာတွေကို ထောက်ပံ့ပေး၊ ကာကွယ်ပေးတဲ့ မြေကြီးက ရွှေသီးတဲ့ခေတ်ကို ရောက် ချင်မိပါတယ်။