ကျွန်းစုနာမည်ကြီး န၀ရတ်ရေတံခွန် လည်ပတ်သူ မရှိသလောက်နည်း

0
424

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကတ္တလူ ကျေးရွာအုပ်စုအတွင်းရှိ နာမည်ကြီး န၀ရတ်ရေတံခွန်သို့ လာရောက်လည် ပတ်သူ မရှိသလောက်နည်းပါးလာ ကြောင်း ယင်းကျေးရွာအုပ်စု ဒေသခံ တချို့ထံမှ သိရသည်။လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်ခန့် ကတည်းက လည်ပတ်သူ တစ်နှစ်ထက် တစ်နှစ် တဖြည်းဖြည်း နည်းလာခဲ့ ကြောင်း ကတ္တလူကျေးရွာအုပ်စု ထိန် ချောင်းရွာသား ဦးပိုအင်က ပြောသည်။

“အခုဆိုရင် မရှိသလောက်ပါပဲ”ဟု ဦးပိုအင်က ဆိုသည်။ အဆိုပါ ရေတံခွန်၏ တောင်ပေါ် တွင် ရေဝေရေလဲသစ်ပင်များ မရှိခြင်း၊ တောင်ယာအသစ်များ ခုတ်ထွင်ရှင်းလင်း မှုတို့ကြောင့် ရေတံခွန်ရှိ ရေများခန်း ခြောက်လာရခြင်းဖြစ်ကြောင်း ဦးပိုအင် က ပြောသည်။ရေများ ခန်းခြောက်လာသည့် အတွက် ရေတံခွန်တွင် ရေများနည်းပါး လာပြီး ရေတံခွန်ဘေးဝဲယာ တစ်လျှောက် ရှိ ဒေသခံများ၏ ဥယျာဉ်ခြံများ ဧက ရာချီပြီး အထွက်နှုန်း သိသိသာသာ ကျဆင်းမှုများ ရှိနေကြောင်း ထိန်ချောင်း ရွာသား တချို့က ဆိုသည်။

ယခင်က နှစ်စဉ် ပွင့်လင်းရာသီတွင် နိုင်ငံခြားသားခရီးသွားများအပြင် မြိတ်မြို့နေသူများ၊ စာသင်ကျောင်းများမှ ကျောင်းသားများနှင့် တက္ကသိုလ်အချို့ မှ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်း အနားတို့ကို န၀ရတ်ရေတံခွန်တွင် သွားရောက်ပြုလုပ်လေ့ရှိကြကြောင်း ကျွန်းစုမြို့ခံတချို့မှ သိရသည်။
“အခုတော့ ကျွန်းစုမြို့နေသူ တချို့အတွက် သွားစရာနေရာမရှိလို့ တစ်ခါတလေ သွားနေရတဲ့အနေအထား လောက်ပဲရှိတော့တယ်” ဟု ဦးပိုအင်က ပြောသည်။
ထို့ပြင်အဆိုပါရေတံခွန်ရှိ ရေ ကြည်အိုင်မှ ရေများကို သောက်သုံးခြင်း၊ ရေချိုးခြင်းတို့ပြုလုပ်ပါက ရောဂါ တချို့ကင်းစင်ကြောင်း ယုံကြည်သူ များကရေများကို လာရောက်ခပ်ယူလေ့ ရှိကြကြောင်း ကတ္တလူကျေးရွာသား တချို့ထံမှ သိရသည်။