ဗီဒီယိုအခွေ အရောင်းဆိုင် တစ်ဆိုင်ကို ဖမ်းပြီးနောက် မြိတ်တွင် အခွေဆိုင်များ အရောင်းရပ်ထား

0
511

ပြီးခဲ့သည့် အပတ်က မြိတ်မြို့ရှိ ဗီဒီယို ဖြန့်ဖြူးရေးနှင့် အငှားဆိုင် တစ်ဆိုင် ကို သက်ဆိုင်ရာက ဝင်ရောက် ဖမ်းဆီးပြီး နောက် မြိတ်မြို့ရှိ အခွေအရောင်းဆိုင်များ လက်ရှိအချိန်အထိ အခွေ အရောင်းရပ်နား ထားကြောင်း အခွေအရောင်းဆိုင် အသိုင်း အဝိုင်းမှ သိရသည်။


အဆိုပါဆိုင်သို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ညွှန်ကြားချက်ဖြင့် သက်ဆိုင် ရာ ရဲတပ်ဖွဲ့မှ ဝင်ရောက် ဖမ်းဆီးခြင်း ဖြစ်ပြီး မြိတ်ခရိုင် ဗွီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူများက သက်သေအဖြစ် လိုက် ပေးခဲ့ရခြင်းဖြစ်ကာ တရားမဝင်ခိုးကူး ခွေ(ပွားခွေ) ၄၇၀ ကျော်နှင့် အတူ ဖမ်းဆီး ရမိခဲ့ကြောင်း မြိတ်ခရိုင် ဗွီဒီယို အခြေခံ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” သူတို့သဘောနဲ့ သူတို့နားကြတာ ပါ၊ ကျွန်တော်တို့ နားခိုင်းတာ မဟုတ်ဘူး၊ ဥပဒေဘောင်အတွင်းက လုပ်မယ်ဆိုရင် နားစရာအကြောင်း မရှိပါဘူး” ဟု ဗွီဒီယို အခြေခံအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ယခင်က အခွေများကို လွယ်ကူစွာ ဝယ်ယူ အသုံးပြုနိုင်သော်လည်း အခွေ အရောင်းဆိုင်များမှ အရောင်းရပ်နားထား ကြသည့်အတွက်ဝယ်ယူရန် အခက် အခဲ တစ်ချို့ ဖြစ်ပေါ်နေကြောင်း သိရသည်။

လိုင်စင်မရှိသည့် အခွေအရောင်း ဆိုင်များကို ဥပဒေအတိုင်း အရေးယူပါက အားလုံး အခက်တွေ့နိုင်သည့်အတွက် မြိတ်ခရိုင် ဗီဒီယိုအခြေခံ အဖွဲ့အနေဖြင့် ဖမ်းဆီးအရေးယူမှု မပြုလုပ်သော်လည်း သက်ဆိုင်ရာကဝင်ဖမ်းသည့်အခါ ဥပဒေ အရ အရေးယူခံရနိုင်သည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
အခွေဆိုင် တစ်ဆိုင်တည်းကိုသာ ဖမ်းဆီးပြီး ရပ်နားထားသည်နှင့် ပတ် သက်ပြီး ၎င်းအား မေးမြန်းရာ အသေး စိတ်ကို မသိရဘဲ အတိုင်ခံရခြင်းကြောင့် ဝင်ဖမ်းခြင်း ဖြစ်နိုင်သည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

အခွေဆိုင်များတွင် နိုင်ငံခြား ဇာတ် ကားများ၊ အငြိမ့်ခွေများ၊ ဟာသခွေများ၊ သီချင်းခွေများနှင့်တရားခွေများကို လူတန်းစားမရွေး ဝယ်ယူ ကြည့်ရှု နိုင် သည့် ဈေးနှုန်းတစ်ခုဖြစ်သည့် တစ်ခွေကို ၂၅၀ ကျပ်နှုန်းဖြင့် ရောင်းချမှုများရှိ နေ ကြောင်း အခွေအရောင်းဆိုင်အသိုင်း အဝိုင်း မှ သိရသည်။