စကားများ ရန်ဖြစ်ရာမှ လူငယ်တစ်ဦး သေဆုံး

0
418

ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ နှင်းဆီလမ်းတွင် ဒီဇင်ဘာ ၂၅ ရက်နေ့ ညက လူငယ်အချင်းချင်း စကားများရန်ဖြစ်ရာမှ လူငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်ပွားသည့် အချိန်မှာ ည ၁၀ နာရီကျော်ခန့်ကဖြစ်ပြီး အမည်မသိ လူငယ်သုံး ဦးနှင့် သေဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် လူငယ်တို့ စကားများ ရန်ဖြစ်ရာမှ ဦးခေါင်း၊ လည်ပင်းနှင့် ကျောတို့တွင် ပြတ်ရှဒဏ်ရာများရရှိကာ ဆေးရုံသို့ သယ်ယူ သွားစဉ် သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ အစ်မဝမ်းကွဲဖြစ်သူ မသီတာဝင်းထံမှ သိရသည်။

” ဖြစ်တဲ့အချိန်က ကျွန်မက အပြင်ကနေ အိမ်ပြန်လာတာ၊ အဲဒီချိန်မှာ ကျွန်မ မောင်လေးအသံနဲ့ စကားများနေသံကြားလို့ ရန်မဖြစ်ကြနဲ့လို့ တားသေးတယ်၊ အဲလိုဖြစ်နေတုန်းချကြတာမြင်လို့ အဒေါ်အိမ်ပြေးခေါ်တာ၊ ပြန်လှည့်ကြည့်တော့ မောင်လေးက သွေးရူးသွေးတန်းနဲ့ ပြေးနေပြီး လမ်းပေါ် မှောက်လဲသွားတာ တွေ့ရ တယ်၊ အမှောင်ထဲမှာဆိုတော့ လူ၃ယောက် ပြေးသွားတာပဲ တွေ့လိုက်ရတယ်၊ ဘယ်သူ မှန်း မသိလိုက်ဘူး” ဟု မသီတာဝင်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သေဆုံးသူ၏ အစ်မဝမ်းကွဲဖြစ်သူ မသီတာအေး က တရားလိုပြု တိုင်ကြားထားပြီး မြို့မရဲစခန်းမှ ပြစ်မှု ဆိုင်ရာ ပုဒ်မ-၃၀၂^၁၁၄ ဖြင့် တရားခံများအား အမှုဖွင့်အရေးယူ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။