မြိတ်မြို့နယ်ရဲမှူး အမည်သုံး၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ ကျပ်သိန်းချီ ဖုန်းငွေ လိမ်လည် ဖြည့်ခိုင်း

0
491

ပြီးခဲ့သည့် အပတ်က မြို့နယ် ရဲမှူးအမည်ဖြင့် မြိတ်မြို့ပေါ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ ဖုန်းငွေဖြည့်ကတ် များ လိမ်လည်ဖြည့်သွင်းခိုင်းမှု တစ်ခု ဖြစ်ခဲ့ကြောင်း ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူး အသိုင်းအဝိုင်းမှ သိရသည်။


စက်တင်ဘာလ ၁၆ ရက်က မြိတ် မြို့နယ် ရဲမှူး ဦးသန်းဦးဟု မိတ်ဆက်ကာ လူကြီးလမ်းကြောင်းပါ နေသည့်အတွက် ဖုန်းဘေများ ကုန်နေပြီး ဆက်သွယ်ရေး ခက်ခဲနေသည့်အတွက် ဖုန်းငွေဖြည့် ပေးရန် အကူအညီတောင်းခံခဲ့ကြောင်း မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး သုံးဦးထံမှ သိရသည်။
” ဖုန်းငွေဖြည့်ကဒ် ၁ သောင်းတန် ၁၀ ကတ်လောက်ဖြည့်ပေးပါလို့ ပြော တယ်။ အရင်တုန်းကလည်း အဲလိုမျိုး တစ်ခါမှ အကူအညီ တောင်းတာမျိုး မရှိဖူးပါဘူး၊ အခုက အရေးပေါ်ဆိုလို့ ရုတ်တရက်ကြီးဆိုတော့ အားနာပြီး ထည့်ပေးလိုက်တာ” ဟု မြိတ်မြို့ပေါ်မှ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။
ယင်းသို့ ဖုန်းငွေဖြည့်သွင်းခိုင်းခြင်း မှာ လိမ်လည် ဖြည့်သွင်းခိုင်းခြင်း ဖြစ် သည်ကို ယင်းသို့ ဖုန်းဆက်ခံရသည့် အခြားရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ အကြောင်းကြားလာမှ သိရကြောင်း အထက် ပါ အုပ်ချုပ်ရေးမှူးက ဖွင့်ဟသည်။
တစ်ရက်တည်း ၀၉၂၆၄၀၉၅၃၉၀ ဖုန်းနံပတ်တစ်ခုတည်းဖြင့် ဆက်သွယ် လာပြီး ယင်းကဲ့သို့ ဖုန်းငွေဖြည့်ကဒ် လိမ်လည် ဖြည့်ခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး မြိတ်မြို့ နယ်ရဲမှူးထံ ဆက်သွယ်မေးမြန်းရာ
” အဲလို အကူအညီတောင်းတာ တစ်ခါ မှ မရှိပါဘူး၊ ရပ်ကွက်အုပ်ရေးမှူးတွေနဲ့  ကျွန်တော်တို့က အားလုံး ညီအစ်ကိုတွေ လို နေကြတာ အကူအညီလိုအပ်ရင် ကျွန်တော်တို့က ပြန်တောင် ကူညီရဦး မယ်” ဟု မြိတ်မြို့နယ်ရဲမှူး ဦးသန်းဦးက မှတ်ချက်ပြု ပြောဆိုသည်။
မြို့နယ် ရဲမှူးနှင့် အနည်းငယ် ရင်းနှီး ပြီး အသံကို မှတ်မိနေသည့် အုပ်ချုပ်ရေး မှူးတစ်ဦးကမှု အထက်ပါ ဖုန်းနံပါတ်ဖြင့် ၎င်းထံ သုံးကြိမ်တိုင်တိုင် ဖုန်းဆက်လာ သော်လည်း ဖုန်းကတ်ငွေ ဖြည့်မပေးခဲ့ဟု ပြောသည်။
ယင်းဖြစ်ရပ်ကြောင့် မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ငွေဖြည့် ကတ်များ ၇ သောင်း၊ ၁ သိန်းနှင့် ၁ သိန်းခွဲအထိ လေးငါးဦးခန့် လိမ်လည် ဖြည့်ခိုင်းခံရပြီး တချို့မှာ ရှက်သည့် အတွက် မပြောကြဟု သိရသည်။