သင်္ကြန်ကာလ စည်းကမ်းမဲ့ယာဉ်များအတွက် မော်လမြိုင်တွင် သီးခြား တရားရုံးဖွင့်မည်

0
811

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် သင်္ကြန် ကာလအတွင်း ဖမ်းဆီး ရမိသည့် စည်းကမ်းမဲ့ ယာဉ်များကို နေ့ချင်းပြီး အရေးယူ ဆောင်ရွက်နိုင်ရန် သီးခြား တရားရုံး ဖွင့်လှစ် ပေးမည် ဖြစ်ကြောင်း ပြည်နယ် ဥပဒေ အရာရှိ ဦးမြင့်သိန်းထွန်းက ပြောသည်။


ဧပြီလ ၃ ရက်နေ့က ပြည်နယ် ရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်သည့် သင်္ကြန် ကာလ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး အစည်းအဝေးတွင် ပြည်နယ် ဥပဒေအရာရှိက ယင်းသို့ ပြောခြင်း ဖြစ်သည်။ ယမန် နှစ်များက သင်္ကြန် ကာလတွင် စည်းကမ်းမဲ့ ယာဉ်များ အတွက် သီးခြား တရားရုံး မရှိသည့် အတွက် တရားရုံး၏ အရေးယူမှု အချိန် ကြန့်ကြာပြီး ဖမ်းမိယာဉ်နှင့် လူများ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တွင် လာပိတ်မိလေ့ရှိသည်ဟု အမှတ် (၉) ယာဉ်ထိန်းကြီးကြပ်ရေး အဖွဲ့ခွဲမှူး (မွန်ပြည်နယ်) ရဲမှူး ညွန့်ဝေက ပြောသည်။
” မနှစ်ကတော့ သီးခြား ရုံးမဖွင့် ပေးဘူး၊ မဖွင့်ပေးတော့ ကျွန်တော်တို့မှာ လာအခက်အခဲ ဖြစ်တယ်၊ လာပိတ်မိ နေတယ် ” ဟု ၎င်းက ဆိုသည်။သို့သော် ယင်းသီးခြား တရားရုံး ကို မည်သည့်နေရာတွင် ဖွင့်မည်ကို မသိရသေးပေ။
ယမန်နှစ် သင်္ကြန်ကာလက ယာဉ်ထိန်း ကြီးကြပ်ရေးအဖွဲ့ခွဲ (မွန်ပြည်နယ်)မှ စည်းကမ်းမဲ့ယာဉ် အစီးရေ ၂၀၀ ကျော် ဖမ်းဆီးရမိပြီး အရေးယူ ဆောင်ရွက်ခဲ့သည်ဟု ရဲမှူး ညွန့်ဝေက ပြောသည်။