မုတ္တမကွေ့မှာ သေမင်းနှင့် စီးချင်းထိုးခဲ့သူ

0
1009

၂၀၁၅ခုနှစ် မတ်လ ၁၃ ရက်နေ့၊ ည ၈ နာရီခန့်တွင် ခရီးသည် နှစ်ရာ ကျော် တင်ဆောင်လာသော ပြည်တွင်း ရေကြောင်းပိုင် အောင်တံခွန် ၃ စစ်တွေ-တောင်ကုတ် နှစ်ထပ်ရေယာဉ်သည် မြေပုံမြို့နယ်၊ ပေသုန်ကျွန်းနှင့် မြောက်ကြိမ်ကျွန်းအနီး နစ်မြုပ်ခဲ့ရာ ခရီးသည် အမြောက်အမြား သေဆုံးခဲ့ရသည်။

အဆိုပါ နှစ်ထပ်ရေယာဉ် နစ်မြုပ် သည့်သတင်းကို ကြားလိုက်ရသောအခါ လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ခန့်က ရန်ကုန်မှ မြိတ်မြို့သို့ ခရီးသည်တစ်ရာကျော် တင်ဆောင်လာသော တိုင်းသီရိ စက်လှေမုတ္တမကွေ့အနီး၌ နစ်မြုပ်ခဲ့ရပြီး ခရီးသည် အမြောက်အမြား သေဆုံးခဲ့ရသောဖြစ်ရပ်ကို သတိရမိသည်။ တချိန်တည်းမှာပင် အဆိုပါ စက်လှေ၌ ခရီးသည်တစ်ဦးအဖြစ် လိုက်ပါလာပြီး သေဘေးမှ သီသီလေးကပ်၍ လွတ်မြောက်ခဲ့သူကို ကျွန်တော့် မိတ်ဆွေ ကျော်သိန်းနိုင် (ခ) ကိုအော်ကြီးကို သတိရမိပါသည်။
u-ow-gyi မြိတ်မြို့ မြစ်ငယ် ရပ်ကွက်တွင် နေသည့် သူ့ကို အော်ကြီးဟုသာ လူသိများသည်။ ထို့ကြောင့် တိုင်းသီရိစက်လှေ နစ်မြုပ်ပြီးနောက် ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီး၌ ဖောင်တစ်စီးဖြင့်   ခြောက်ရက်တိုင်အောင်မျောပါခဲ့ပြီးမှ အသက်ရှင် လွတ်မြောက်ပုံနှင့် သင်္ဘောပျက်ဒုက္ခသည်တစ်ဦး၏   သွေးပျက်ချောက်ချားဖွယ်ရာ ပင်လယ်ပြင် အတွေ့အကြုံများကို ပင်လယ်နှင့် ဖွားဖက်တော် ဖြစ်သည့် တနင်္သာရီတိုင်းသားများ မှတ်သားဆင်ခြင်နိုင်စေရန် အလို့ငှာသွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

 

စိုးငယ် ။ ။တိုင်းသီရိစက်လှေ နစ်မြုပ်ခဲ့ရတဲ့ ခုနှစ်၊လ၊ရက်နဲ့ နေရာကို မှတ်မိရင် ပြောပြပါလား။

ကိုအော်ကြီး ။ ။၁၉၈၆ခုနှစ်၊ မေလ ၁၄ ရက်နေ့ ၊မနက် ၁ နာရီ လောက်ပေါ့၊ စစ်တောင်းမြစ်ဝအနီးမှာ နစ်မြုပ်ခဲ့ပါတယ်။

 

စိုးငယ် ။ ။ ကြားဖူးသလောက် တိုင်းသီရိဟာ တိုင်းသမပိုင် စက်လှေ တစ်စီးဖြစ်ပြီး ခရီးသည်တင် လှေ မဟုတ် ဘူးလို့ သိရပါတယ်။ ဒါ အမှန်ပဲလား ခင်ဗျား။

ကိုအော်ကြီး ။ ။ ဟုတ်ပါတယ်။ တိုင်းသီရိဟာ တိုင်းသမပိုင် ကုန်တင် လှေတစ်စီးပါ။

 

စိုးငယ်။ ။ခရီးသည်တင်လှေ မဟုတ်မှန်း သိရက်နဲ့ လူတွေ ဘာလို့ စီးနင်းလိုက်ပါခဲ့ကြသလဲ ခင်ဗျား။

ကိုအော်ကြီး ။ ။ တိုင်းသီရိ နစ် မြုပ်ခဲ့တဲ့ ၁၉၈၆ဆိုတာ မဆလ ခေတ်ဗျ။ ဒီခေတ်ဒီအချိန်က မြိတ်-ရန် ကုန် ကားလမ်း မဖောက်ရသေးဘူး။ ဒါကြောင့် မြန်မာ့လေကြောင်းနဲ့ ကြယ် ငါးပွင့် သင်္ဘောတွေပဲ အဓိက အားကိုး နေရတယ်။ လေယာဉ်ဆိုလို့ ဒီဘက် ခေတ်လို ပုဂ္ဂလိက လေကြောင်းလိုင်းတွေ မရှိသေးဘဲ မြန်မာ့လေကြောင်း တစ်ခုပဲ အားကိုး နေရတော့   လေယာဉ်လက်မှတ်  လေးတစ်စောင်ရဖို့ နှစ်ပတ်၊ သုံးပတ် လောက် စောင့်ရတာဗျ။သင်္ဘောလက်မှတ် လည်း ထိုနည်းလည်း ကောင်းပါပဲ။ ဒါတွေအပြင် ဒီအချိန်က မြိတ်-ရန်ကုန် မှောင်ခို တစ်ခေတ်ဆိုတော့ ဘယ်သူ ဖြစ်ဖြစ် တစ်ဆွဲတစ်လွယ်လေး သယ်သွား တာတောင် ခရီးစရိတ် အသာလေးကျေ တာကြောင့် လေယာဉ် လက်မှတ်ရော၊ သင်္ဘောလက်မှတ်ပါ ခက်ခဲသလို သင်္ကြန်ပြီးချိန်၊ ကျောင်းပိတ်ချိန်တွေနဲ့ တိုက်ဆိုင်သွားလို့ မဖြစ်မနေ စီးရတာပါ။

 

စိုးငယ်။ ။ ဒီအချိန်က ကုန်တင် လှေတွေမှာ ခရီးသည် တင်ဆောင်ခွင့် ရှိလို့လား။ နောက်ပြီး ခရီးသည် တစ်ဦးကို လှေခဘယ်လောက် ပေးရပါ သလဲ။

ကိုအော်ကြီး။ ။ ကုန်တင်လှေ တွေမှာ ခရီးသည်တင်ဆောင်ခွင့်တော့ မရှိဘူးပေါ့ဗျာ။ ဒါပေမဲ့ မဆလ တစ် ခေတ်လုံး ဒီလို နလမလိုင်စင် (နားလည်မှု လိုင်စင်)လေးနဲ့ လုပ်စား နေကြတာပါပဲ။ လှေခကတော့ လူတစ်ယောက်ကို ကျပ် ၉၀ လား မသိဘူး ပေးရတယ်။ နှစ်တွေ ကြာတော့ မေ့တေ့တေ့ ဖြစ်နေပြီ။

 

စိုးငယ် ။ ။ တိုင်းသီရိ နစ်မြုပ် ခဲ့စဉ်က ခရီးသည် ဘယ်နှစ်ဦး လိုက်ပါ လာပြီး ဘယ်နှစ်ဦး အသက်ရှင်လွှတ် မြောက်ခဲ့ပါသလဲ ခင်ဗျား။ ကိုအော်ကြီး ။ ။ တိုင်းသီရိမှာ လှေသားရော ခရီးသည်ပါ ခန့်မှန်းခြေ အယောက် ၁၂၀ လောက် လိုက်ပါ လာပြီး စုစုပေါင်း ၁၂ ယောက်ပဲ ရှင်သန်ခဲ့ ကြပါတယ်။

 

စိုးငယ်။ ။ ဘာကြောင့် အခုလို ခရီးသည် အမြောက်အမြား သေဆုံးခဲ့ ရပါသလဲ ခင်ဗျား။

ကိုအော်ကြီး ။ ။ အဓိက ကတော့ တိုင်းသီရိဟာ ဟောင်းနွမ်း ဆွေးမြည့်နေ တဲ့အပြင် ခရီးသည်တင် လှေတစ်စီး မဟုတ်တဲ့အတွက် အသက် ကယ်အင်္ကျီ တွေ၊ ဗော်ယာတွေ အလုံအလောက် မပါသလို လှေပေါ်မှာ ဘာဆက်သွယ်ရေး ကိရိယာမှ ပါမလာဘူး။ ကျွန်တော်တို့ စက်လှေဟာ ၁၄ ရက်နေ့မနက်မှာ နစ်မြုပ်ခဲ့ပေမယ့် နစ်မြုပ်ကြောင်း မြိတ် က ၂၀ ရက်နေ့ ရောက်မှ သိရပါတယ်။ ဒါကြောင့်လည်း ဒီလောက် အသေ အပျောက်များခဲ့တာပေါ့။

 

စိုးငယ်။ ။ တိုင်းသီရိစက်လှေ နစ်မြုပ်တော့မယ်မှန်း အသေအချာ သိလိုက်ရချိန်မှာ ကိုအော်ကြီးအနေနဲ့ ပင်လယ်ပြင်မှာ ရက်ပေါင်းများစွာ နေ နိုင်အောင် ဘယ်လို ပြင်ဆင်မှုတွေ ပြု လုပ်ခဲ့ပါသလဲ ခင်ဗျား။

ကိုအော်ကြီး ။ ။သေသေချာချာ ပြန်စဉ်းစားလိုက်ရင် ဘယ်လိုပြင်ဆင်မှုမှ မလုပ်ခဲ့ဘူးလို့ ဆိုရပါလိမ့်မယ်။ ဘာ ကြောင့်လဲဆိုတော့ ကိုယ့်မှာက စက်လှေ နစ်မြုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံမှ မရှိတာ။

 

စိုးငယ်။ ။ တိုင်းသီရိစက်လှေ နစ်မြုပ်လုနီးနီး အချိန်မှာ ကိုအော်ကြီး တွေ့ခဲ့ရတဲ့ လှေပေါ်က မြင်ကွင်းတချို့ကို မှတ်မိသလောက် ပြန်ပြောပြပါလား။

ကိုအော်ကြီး။ ။ ကမ္ဘာပျက် သလို ပဲဗျ။ တစ်ချို့က သွေးရူးသွေးတန်း အော်ဟစ် ပြေးလွှားနေကြပြီး တချို့က ရှိစုမဲ့စု အသက်ကယ်အင်္ကျီတွေ၊ ဗော်ယာတွေ၊ ဂါလံပုံး လွတ်တွေယူပြီး ရေထဲခုန်ချနေကြသလို တချို့က ကူပါကယ်ပါ တစာစာနဲ့ ငိုကြွေး နေကြ တယ်။ အမျိုးသမီးတစ်ဦးဆို သူ့ ယောက်ျားက အသက်ကယ် အင်္ကျီဝတ် ပြီး ရေထဲ ခုန်ချသွားလို့ လူမမည် ကလေးနှစ်ယောက်ကို ရင်ခွင်ထဲ ပိုက်ထားပြီး ရှိုက်ကြီးတငင် ငိုယိုနေတာ အခုထက်ထိ မျက်စိထဲ ပြန်မြင်ယောင်မိ နေတုန်းပဲ။ ဒီအချိန်မှာ တော့ တောင် မင်းကို မြောက်မင်း မကယ်နိုင်ဆို သလို ပေါ့ဗျာ။

 

စိုးငယ်။ ။ တိုင်းသီရိပေါ်မှာ အသက်ကယ်လှေ တစ်စီးမှ မပါဘူးလား ခင်ဗျား။

ကိုအော်ကြီး ။ ။ အသက်ကယ်လှေ တစ်စီးမှ မပါပါဘူး။ ဖောင်တော့ နှစ်စီး ပါတယ်။ ဖောင်ဆိုလို့ ဝါးဖောင် မထင် လိုက်လေနဲ့။ ဆီပေပါ လွတ်နှစ်လုံးကို ကြိုးနဲ့ ခိုင်ခိုင်ချည်ပြီး သစ်ဘောင် ကွပ် ထားတဲ့ ဖောင်ပါ။ ဒီဖောင်လေး ကျေးဇူး ကြောင့် ကျွန်တော်တို့ အသက်ရှင်ခွင့် ရခဲ့တာပါ။

စိုးငယ်။ ။ ဖောင်နှစ်စီးမှာ လူ ဘယ်နှယောက် လိုက်ပါခဲ့ကြပါသလဲ ခင်ဗျား။

ကိုအော်ကြီး။ ။ တစ်ဖက်ဖောင် မှာတော့ လူ ၂၀ ကျော်လောက် ပါမလားပဲ။ ကျွန်တော်တို့ ဖောင်မှာတော့ လူ ၆၅ ယောက်လောက်ပါတယ်ဆိုတော့ ဖောင်ပေါ်တက်ထိုင်လိုက်လို့ မရဘဲ တောက်လျှောက် ရေထဲမှာပဲစိမ် နေရ တယ်။ ဖောင်ကသေးသေး လူကများများ ဆိုတော့ ရန်ကုန်မှာ အမြန်ယာဉ်တွယ်စီး ကြသလို လက်တစ်ဖက်တည်းနဲ့ ဖောင် ကို အသေဆုပ်ကိုင် ထားရပါတယ်။ လက်ညောင်းလာလို့ ဆုပ်ကိုင် ထားတာ ကို လွတ်လိုက်ရင် ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးထဲမှာ သေဖို့ပဲ ရှိတော့တယ်။ ဒီကြားထဲ ငါးအုပ်တွေကလည်း ဝိုင်းအုံ ကိုက်ခဲကြသေးတယ်။ပထမ တစ်ရက် နှစ်ရက်တော့ ငါးတွေ ကိုက်လိုက်တိုင်း နာကျင်မှုကို ခံစားရ ပေမယ့် နောက်ရက် တွေမှာ တစ်နေကုန် ရေစိမ်နေရတော့ ထုံကျဉ်သွားပြီး ကိုက်လို့ ကိုက်မှန်း မသိတော့ဘူး။ဘာခံစားချက်မှ မရှိတော့ ပါဘူး။

 

စိုးငယ်။ ။ ဖောင်တစ်စီးနဲ့ ပင်လယ် ပြင်မှာ ၆ ရက် မျောပါခဲ့စဉ် ကိုအော်ကြီး အတောင့်တဆုံး အရာက ဘာလဲခင်ဗျား။

ကိုအော်ကြီး။ ။ ခြေချစရာ အမာခံ ကုန်းမြေတစ်ခု၊ ရေတစ်ခွက် ဒါမှမဟုတ် ကယ်ဆယ်မယ့် လှေတစ်စီးစီး။

 

စိုးငယ်။ ။ ပင်လယ်ထဲ ၆ ရက် မျောနေစဉ် အတွေ့အကြုံလေးတချို့ကို ပြောပြပေးပါလား။

ကိုအော်ကြီး ။ ။ သင်္ဘောပျက် ဒုက္ခသည်တစ်ဦးအတွက် ပင်လယ်ပြင် တစ်နေ့တာဟာ ခက်ခဲကြမ်းတမ်း လွန်း လှပါတယ်။ မိနစ်တိုင်း၊ စက္ကန့် တိုင်းမှာ သေမင်းကို မျက်မှောက်ပြု ထားရတယ်။ ဖောင်ကို ဖက်တွယ်ထားတဲ့ လက်သာ မတော်တဆ လွတ်ထွက် သွားပြီး ရေစီးအတိုင်း မျောပါသွားရင် ဘယ်သူမှ မကယ်နိုင်သလို ကိုယ်တိုင်လည်း ဖောင်ရှိရာကို ပြန်လည်ကူး ခတ်လာဖို့ အင်အားမရှိတော့ဘူး။ ဒါကြောင့် တချို့ဆို ပင်ပန်းလွန်းလို့ မှေးခနဲ အိပ်ပျော်သွားရင် ဖောင်ကို ဆုပ်ကိုင် ထားတဲ့လက် လွတ်ထွက်သွား မှာစိုးလို့ လက်နဲ့ဖောင်ကို ကြိုးတွေ၊ ပုဆိုးတွေနဲ့ အသေချည်ထားကြတယ်။သင်္ဘောနစ် မြုပ်ကာစ ပထမနေ့မှာ အများစုဟာ ခန္ဓာ ကိုယ် ကြံ့ခိုင်မှု ရှိသေးတာကြောင့် ရေ မသောက်ရ၊ အစာမစားရပေမယ့် တောင့်ခံနိုင် ကြသေးတယ်။ ဒါတောင် နောက်နေ့မ နက်မှာ အမှတ်စဉ်မှတ်ပြီး လူပြန်ရေတွက် ကြည့်တော့ နည်းနည်း လျော့သွားပြီ။နှစ်ရက်၊ သုံးရက်လောက် အရောက်မှာ အာခေါင်တွေ ခြောက်ကပ်၊ နှုတ်ခမ်းတွေ အက်ကွဲပြီး ရေဆာလာကြ တော့ ပင်လယ်ရေသောက်သူက သောက် တော့ တာပါပဲ။ ဒီလို စိတ်မထိန်းနိုင်ဘဲ ပင်လယ်ရေ သောက်မိသူတွေဟာ ဝမ်းလျောပြီး သေပွဲဝင်ကြရတာပဲ။ တချို့ဆို ရက်တွေကြာလာတာနဲ့အမျှ အစာမစား၊ ရေမသောက်ရတဲ့အပြင် ချောက်ချား စရာကောင်းလှတဲ့ ပင်လယ်အတွေ့အကြုံကြောင့် ကယောင်ကတမ်း ဖြစ်လာကြတယ်။ အဲ…လေးရက်မြောက်ညမှာ မိုးသည်းသည်းမဲမဲ ရွာလို့ ရေနည်းနည်း သောက်လိုက်ရတယ်။ ကံကောင်း ချင်တော့ ကျွန်တော်တို့ဖောင်မှာ ပဲ့နင်း တစ်ဦးပါလာတယ်။ တိုင်းသီရိ ပဲ့နင်း မဟုတ်ဘူး။ တခြားစက်လှေ တစ်စီးရဲ့ ပဲ့နင်းပါ။ သူလည်း ကျွန်တော်တို့လိုပဲ လေယာဉ် လက်မှတ်၊ သင်္ဘောလက်မှတ် မစောင့်နိုင်လို့ စက်လှေနဲ့ မြိတ်ကို ပြန်လာတာပါ။ သူက ပဲ့နင်းပီပီ ပင်လယ် ပြင် အတွေ့အကြုံရှိတော့    ရေစီးနဲ့ လေတိုက်နှုန်းကို တွက်ချက်ပြီး ပင်လယ်ထဲ မျောပါလာတဲ့ ဝါးလုံးတွေကိုဆယ်၊ ပုဆိုးကိုရွက်လုပ်၊ ဖောင်မှာ ကြိုးနဲ့ ခိုင်အောင်ချည်ပြီး ရွက်လွှင့်ခဲ့ကြတယ်။ ဒါအပြင် ဖောင်မှာတွယ်ပြီး လိုက်ပါ လာသူတွေက အလှည့်ကျ ခြေထောက်လေးတွေနဲ့ ယက်ပြီး ကူးခတ်ကြပါတယ်။ အခုလို အားလုံးမခိုမကပ် ဝိုင်းဝန်း အားထုတ်ကြလို့လည်း ကျွန်တော်တို့ ဖောင်က ၉ ယောက် အသက်ရှင်ခဲ့ရပြီး ဗော်ယာကွင်းလေးတွေနဲ့ အလွတ်ကူး တဲ့ ၃ ယောက်၊ စုစုပေါင်း ၁၂ ယောက် သေဘေးက လွတ်မြောက်ခဲ့ရပါတယ်။ နောက်တစ်ဖောင်ကတော့ ပင်လယ်ထဲ စုပ်စမြုပ်စ ပျောက်ကွယ်ခဲ့ရပြီး တစ်ယောက်မကျန်   သေဆုံးခဲ့ရပါတယ်။ ပြောချင်တာကတော့ ဘယ်လောက်ပဲ ကြီးမားတဲ့ ဘေးဒုက္ခ ဖြစ်ပါစေ ခေါင်းအေးအေးထားပြီး တည်တည်ငြိမ် ငြိမ်ရင်ဆိုင်ရင် အောင်နိုင်စမြဲပါ။

 

စိုးငယ်။ ။ ခြောက်ရက်မြောက်တဲ့ နေ့မှာ ကိုအော်ကြီးတို့ကို ဘယ်သူတွေက ဘယ်နေရာမှာ တွေ့ရှိပြီး ကယ်ဆယ် ခဲ့ကြပါသလဲ။

ကိုအော်ကြီး။ ။ ခြောက်ရက်မြောက် နေ့မှာ ခေါင်းဖီးကျွန်းအနီး မျောနေတဲ့ ကျွန်တော်တို့ ဖောင်ကို ငါးဖမ်းလှေ တစ်စီးက တွေ့ရှိပြီး ကယ်ဆယ်ခဲ့ ကြပါတယ်။ ပြီးနောက် ကျိုက္ခမီဆေးရုံကို တင်ပို့ပေးခဲ့ပါတယ်။ နောက်နေ့မနက်မှာ တာဝန်ရှိသူတွေ ရောက်ရှိလာပြီး   မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ဆက်လက် တင်ပို့ပေးခဲ့ပါတယ်။   မော်လမြိုင်ဆေးရုံကြီးမှာ   ဆေးဝါးကုသမှု ခံယူပြီး နာလန်ထလာမှ နှစ်ဖွဲ့ခွဲပြီး မော်လမြိုင်ကနေ ထားဝယ်၊ ထားဝယ်က တဆင့် မြိတ်ကို လေယာဉ်နဲ့ ပို့ပေးခဲ့ပါတယ်။

စိုးငယ်။ ။ ဟုတ်ကဲ့။ အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။

ကိုအော်ကြီး။ ။ ကျွန်တော့်အနေနဲ့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်က အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောပြခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here