သတ္တုတွင်းကို ချစ်သည် ……. သို့သော် “မုန်းသည်”

0
445

ည ၁၁ နာရီကျော်ပြီ။ ကျုပ်နားစည်ကို ဘူဒိုဇာတွေ ထပ်ကာထပ်ကာတက်နင်းတာ ခံနေရတယ်။ ဘူဒိုဇာတင်မဟုတ် မြေကြီးသယ်တဲ့ကားကြီးမောင်းသံတွေ၊ တတီတီမြည်နေတဲ့ ကားနောက်ဆုတ်သံတွေ၊ အဆိုးဆုံးကတော့ သံစည်ပိုင်း အကြီးကြီးကို နားအနားကပ်ပြီး သံချောင်းနဲ့ခေါက်နေသလား အောက်မေ့ရအောင် ကျယ်လောက်စူးရှတဲ့ အသံဆိုးကြီးတစ်ခု။ နာနာဘာဝအကြီးကြီးတစ်ကောင် နာကျင်စွာအော်ဟစ်နေလေရော့သလား။

ပထမတော့ ကျုပ်အိမ်မက်မက် နေတယ်ထင်တာ။ သေချာအောင် အိပ်ယာကထပြီးနားစွင့်ကြည့်မိမှ ကျုပ်အိမ်မက် မက်နေတာ မဟုတ်။ ကြားနေကျအသံ။ ၂၀၁၀ ခုနှစ်နောက်ပိုင်းကစပြီး ကျုပ်တို့ရွာသူရွာသားတွေကို အကြီးအကျယ် ဒုက္ခပေးနေတဲ့အသံ။ လာရာက ရွာတောင်ဘက် ဒယ်လ်ကို အကြီးစားသတ္တုတူးဖော်ထုတ်လုပ်ရေး စက်ရုံဆီက ထွက်လာတဲ့အသံဆိုး။

ကျုပ်တို့ငယ်ငယ် အလယ်တန်းဖတ်စာအုပ်ထဲမှာ အော်ကျက်ခဲ့ဖူးတဲ့ ကံပေါက်သတ္တုတွင်းစီမံကိန်း ဆိုတာ ကျုပ်တို့နိုင်ငံက ခဲမဖြူ၊ အဖြိုက်နက်ထုတ်တဲ့ အကြီးစားသတ္တုတွင်းတွေထဲက တစ်ခု။ အဲဒါက ကျုပ်တို့ရွာမှာ ရှိတာဆိုတော့ စာကျက်လို့ အဲဒီအပိုဒ်ရောက်ရင် ကျုပ်က အသံပြဲကြီးနဲ့ ဘေးပတ်ဝန်းကျင်က မကြားကြားအောင် အော်ဆိုခဲ့တာဗျ။ ဘာကြောင့်လဲ ဆိုတော့ ကျုပ်တို့ရွာလေးက ဒီသတ္တုတွင်းစီမံကိန်းဟာ နိုင်ငံတော်ကတောင် ကျုပ်တို့ဖတ်စာအုပ်ထဲကို ထည့်သွင်း ပြဋ္ဌာန်းရတယ်ဆိုတာကို ကျုပ်တို့ ပတ်ဝန်းကျင်က လူတွေကြားပြီး ဂုဏ်ယူစေချင်လို့။ ကျုပ်ကိုယ်တိုင်လည်း ဒီသတ္တုတွင်း အတွက် သိပ်ဂုဏ်ယူတာကိုးဗျ။ ဒီသတ္တုတွင်းက ကျုပ်တို့ရွာရဲ့ အသက်လို့လည်းဆို နိုင်တယ်။ ဟိုတုန်းကတော့ ကျုပ်တို့ ရွာသူရွာသား အတော်များများရဲ့ စားဝတ်နေရေးနဲ့ လူမှုဘ၀များစွာက ဒီသတ္တုတွင်းအပေါ်မှာ အများကြီး မှီတည်ခဲ့တာ။ နောက်ဆုံးဗျာ ကုန်ကုန်ပြောရရင် ကံပေါက်ဆိုတာ ဒီသတ္တုတွင်းလုပ်ငန်းအပေါ်မှာ မှီခိုပြီးမှ ဖြစ်တည်လာတဲ့ ရွာလို့တောင် ဆိုရင်ဆိုလို့ ရနိုင်သေးရဲ့။

Delco mining factory and Kanbauk village
ဓာတ်ပုံ – အောင်လွင်

ကျုပ်က သတ္တုတွင်းကို သိပ်ချစ်တာဗျ။ ကျုပ်အဘိုးက အစိုးရက ဦးစီးလုပ်ကိုင်တဲ့ ဒီသတ္တုတွင်းစီမံကိန်းမှာ ရေပန်းဆရာလို့ ကျုပ်အမေပြောပြတယ်ဗျ။ ရေပန်းဆရာဆိုတာကတော့ တောင်နံရံတွေက သတ္တုကြောတွေကို အားပြင်းတဲ့ ရေပိုက်ခေါင်း တစ်ခုနဲ့ ထိုးချ၊ ဖြိုချရတဲ့အလုပ်ပေါ့။ ကျုပ်အဖေကတော့ ပိဿာစား သတ္တုတွင်းအလုပ်ကို    လုပ်ခဲ့တယ်။ ပိဿာစားဆိုတာကတော့ တောင်နံရံတွေမှာ လိုဏ်ခေါင်းတွေဖောက်ပြီး သတ္တုရှာတဲ့ အလုပ်ပေါ့ဗျာ။ ဒေသစကားနဲ့တော့ ဂူဖေါက်တယ်လို့ ခေါ်ကြတယ်။ တစ်ချို့ပိသာစားတွေကတော့ ဂူမဖေါက်ဘဲ ချောင်းထဲမှာ ဒါမှမဟုတ် တောင်ကြော တွေပေါ်မှာ လက်ယက်တွင်းတွေနဲ့ သတ္တုကျင်လေ့ရှိကြပါတယ်။ ရလာတဲ့သတ္တုတွေကို အစိုးရကသတ်မှတ်တဲ့ဈေးနဲ့ သတ္တုတွင်း ၀န်ကြီးဌာနကို အပ်ရတာ။ ကျုပ်ဘကြီးတွေ၊ ဦးလေးတွေ၊ အစ်ကိုတွေအားလုံးနီးပါးနဲ့ ကျုပ်တို့ရွာက ကျုပ်သိတဲ့ လူအတော်များများပဲ ဒီသတ္တုရှာဖွေတဲ့အလုပ်နဲ့ အသက်မွေးခဲ့ကြတယ်။

သတ္တုတွင်းဟာ ကျုပ်တို့ အသက်ဖြစ်ခဲ့တယ်၊ ကျုပ်တို့ဘ၀ဖြစ်ခဲ့တယ်။

ကျုပ်တို့ငယ်ငယ်က ကျောင်းပိတ်ရက်တွေဟာ ကျုပ်တို့အဖေ ဂူဖောက်တဲ့တောင်ပေါ်ကို အမေနဲ့အတူတိုက်လိုက်ကြ၊ တောထဲမှာတွေ့တဲ့ စားလို့ရသမျှသစ်သီးဝလံတွေကိုခူးစားကြ၊ ဂူထဲမှာ အဖေ ယမ်းခွဲ(ဒိုင်းဒမိုက်နဲ့တောင်နံရံမှသတ္တုကြောကိုဖြိုချခြင်း) လိုက်လို့ ထွက်လာတဲ့ ယမ်းမှုန့်တွေကို အံ့သြတကြီးစူးစမ်းကြ၊ ယမ်းခွဲထားတဲ့ မြေသား၊ ကျောက်စိုင်တွေကိုဖယ်လိုက်ရင် ထွက်ကျလာတတ်တဲ့ သတ္တုအတုံးအခဲတွေကို ညီအစ်ကိုတွေ ၀ိုင်းလုကြနဲ့ သိပ်ကိုပျော်စရာကောင်းခဲ့တာပေါ့။ အဖေနဲ့အမေကတော့ ကျုပ်တို့ကို အပြုံးကိုယ်စီနဲ့ ကြည့်လို့။ ဒါကြောင့် ကျုပ်က သတ္တုတွင်းကိုချစ်တာ။

ခုတော့ ကျုပ်သတ္တုတွင်းကိုမချစ်တော့ဘူး။ သတ္တုတွင်းကိုမုန်းတယ်လို့တောင် ဆိုလိုက်ချင်တယ်။ ချစ်လိုက် မုန်းလိုက် လုပ်လို့ ကျုပ်ကို မျက်နှာများတယ်လို့ပြောရင်လည်း မတတ်နိုင်ဘူးဗျာ။ ကျုပ်သတ္တုတွင်းကို မုန်းသွားတာတော့ အမှန်ပဲ။ မုန်းဆို သတ္တုတွင်းက ကျုပ်တို့ငယ်ငယ်ကလို ပျော်ဖို့မကောင်းတော့ဘူး။ ကျုပ်တို့ကို အိပ်ရေးပျက်အောင်လုပ်နေတယ်။ ကျုပ်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေတယ်။ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုတွေ ကြီးကြီးမားမားဖြစ်နေတယ်။ ဒါကြောင့် ကျုပ်သတ္တုတွင်းကို မုန်းသွားတာ။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ အစိုးရက သတ္တုတူးဖော်မှုကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဒယ်လ်ကို ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးခဲ့တယ်။ သူတို့က ကျုပ်တို့တွေ့ဖူးခဲ့သလို တောင်နံရံတွေက သတ္တုကြောတွေကို ရေပန်းနဲ့ မထိုးဘူးဗျ။

တောင်တွေကို ဖြိုပစ်တာ။ မြေတူးစက်တွေ၊ ဘူဒိုဇာတွေစုံလို့။ အရင်ကလို ပိဿာစားတွေကိုလည်း လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မပေးတော့။ ကျုပ်တို့ငယ်ငယ်က ငေးမောကြည့်ရှုခဲ့ရတဲ့ ရွာအနောက်တောင်ဘက်က စိမ်းစိုတဲ့တောင်တန်းတွေဟာ ခုတော့ တောင်ကတုံးတွေ ဖြစ်ကုန်ကြပြီ။ ရွာအရှေ့ တောင်ဘက်မှာ သတ္တုအချောသတ်ထုတ်တဲ့စက်ရုံကြီး တစ်ခုဆောက်ထားတယ်။ တရုတ်ဘက်က ပညာရှင်တွေလည်း ရှိတယ်။ သတ္တုပါတဲ့မြေတွေကို ကားကြီးတွေနဲ့ စက်ရုံဆီသယ်၊ အဲဒီမြေတွေကို သံစည်အကြီးကြီးတွေထဲကို ထည့်ပြီး သံလုံးတွေနဲ့ မြေမှုန့်တွေဖြစ်သွားအောင်ခြေ၊ အဆင့်ဆင့် ဖြတ်ကျော်ပြီးရင်တော့ အချောသတ်သတ္တုတွေအဖြစ် ထွက်လာတဲ့စက်ရုံပေါ့။

သိပ်ကောင်းတဲ့စနစ်ပေါ့ဗျာ။ အရင်လို လူအင်အားသိပ်မလိုဘူး။ အချိန်သိပ်မကုန်ဘူး။ တစ်ချိန်တည်းမှာ သတ္တုတွေ တန်ပေါင်းများစွာ ထုတ်နိုင်တယ်။ ကုမ္ပဏီအတွက်ဝင်ငွေတွေ သောက်သောက်လဲ ရတာပေါ့ဗျာ။ အစိုးရလည်းရမယ်လို့ ကျုပ်ထင်ပါတယ်။ ဘယ်လောက် ရလဲတော့ ကျုပ်မသိ။

အဲ မကောင်းတာတွေကလည်း အများကြီး။ အဲဒါတွေကပဲ ကျုပ်ကို သတ္တုတွင်းကို မုန်းစေဖို့ဖြစ်လာခဲ့တယ် ထင်တာပဲ။ ကျုပ်ကို တိုက်ရိုက်ထိခိုက်တာကတော့ အိပ်ရေးပျက်တာပဲဗျ။ ဒီစာရဲ့ ပထမဆုံအပိုဒ်မှာ ဖော်ပြခဲ့ပြီးတဲ့ အသံတွေပေါ့ဗျာ။ စက်ရုံက ၂၄ နာရီပတ်လုံးလည်နေတော့ ညစဉ်ညတိုင်း အဲဒီအသံဆိုးကြီးနဲ့ အိပ်စက်ရတယ်။ ကျုပ်လို လူငယ်တစ်ယောက်တောင်မှ ဒီလောက်ဆိုရင် ကျုပ်တို့ရွာထဲက လူကြီးသူမတွေ ဘယ်လိုခံစားရမလဲဆိုတာ စာဖတ်သူအပေါင်း ခန့်မှန်းကြည့်လို့ ရလောက်မယ်ထင်ပါရဲ့။ ဒီအသံဆိုးဒဏ်ကို အဆိုးဆုံးခံရတာကတော့ စက်ရုံနဲ့အနီးဆုံးဖြစ်တဲ့ ကျုပ်တို့ရပ်ကွက်ပေါ့ဗျာ။ မိုးတွင်းလို မိုးတအေးအေးနဲ့က သိပ်မသိသာ ပေမယ့် ခုလိုဆောင်းအခါ နွေအခါများကျတော့ ဒီအသံက အိပ်ပျော်ဖို့အရေးကို အတော့်ကိုနှောက်ယှက်သဗျို့။

စက်ရုံကထွက်လာတဲ့ ရေဆိုးရေညစ်တွေကတော့ ကျုပ်အိမ်ရှေ့နဲ့ပေတစ်ရာလောက်တောင် မဝေးတဲ့ ချောင်းထဲကို တိုက်ရိုက်စီးဆင်းတယ်ဗျာ။ အဲဒီချောင်းက ကျုပ်တို့ရွာရဲ့ ရေချိုရရှိမှု အသက်သွေးကြောလို့ ပြောလို့ရတဲ့ ရွာရဲ့ အရှေ့တောင်ဘက် ပေ ၂၅၀၀ ၀န်းကျင်မြင့်တဲ့ ရေကန်တောင်ပေါ်ကနေ စတင်စီးဆင်းလာတာဗျ။ အဲဒီချောင်းက ရွာရဲ့မြောက်ဘက်မှာရှိတဲ့ ပင်လယ်ထွက်ပေါက်ဖြစ်တဲ့ ဟိန္ဇဲချောင်းထဲကို စီးဆင်းတယ်ဗျ။ ဟိန္ဇဲချောင်းဟာ ကံပေါက်ရဲ့ မြောက်ဘက်ပိုင်းမှာရှိတဲ့ ပင်လယ်ဘက်က ရွာပေါင်းများစွာနဲ့ ကံပေါက်ရွာကို ချိတ်ဆက် ပေးထားတဲ့ အကြီးမားဆုံး ရေကြောင်းလမ်းတစ်ခုလည်း ဖြစ်တယ်။ အရင်တုန်းကတော့ အဲဒီရွာတွေက လာသမျှလှေတွေဟာ ဟိန္ဇဲချောင်း တစ်လျှောက်ဆန်တက်လာပြီး မိကျောင်းအိုင် တံတားအထိ ရာသီမရွေးဆိုက်ကပ်လို့ ရတယ်ဗျ။

ခုတော့ သတ္တုစက်ရုံက စွန့်ပစ်လိုက်တဲ့ မြေသားတွေက ချောင်းတစ်လျှောက်စီးဆင်းလာပြီး ဟိန္ဇဲချောင်းမကြီးအ၀ထိ ပိတ်ဆို့နေလို့ ဒီရေ အမြင့်ဆုံးတက်တဲ့ ရက်တွေကလွဲရင် မိကျောင်းအိုင်အထိ လှေတွေမဆိုက်ကပ်နိုင်တော့ဘဲ ခရီးသွားပြည်သူတွေအတွက် ဆိုင်ကယ်ကယ်ရီငှားရ၊ ထော်လာဂျီတွေ သုံးဘိန်းယာဉ်တွေငှားရနဲ့ ကုန်ကျစရိတ်တင်မကျ ကရိကထလည်း များရပါသေးတယ်။ ကျုပ်တို့ ငယ်ငယ်က ရေကူးနေကျ၊ ငါးတွေဖမ်းနေကျ၊ ဂဏန်းတွေနှိုက်နေကျ အိမ်ရှေ့က ချောင်းကလေးဟာ ခုနေများတော့ ကျွဲပေးလူးရင်တောင်မှ ကျွဲနောက်တွန့် ငြင်းဆန် သွားရလောက်အောင်ကို ညစ်ပတ် စုတ်ပြတ်သတ်သွားခဲ့ပါပြီ။

ကျုပ်တို့ရွာရဲ့ ရေချိုအသက်သွေးကြောလို့ ကျုပ်ညွှန်းခဲ့တဲ့ ရေကန်တောင်ပေါ်ကိုလည်း သတ္တုစက်ရုံမှာ အသုံးပြုဖို့ ရေအလွယ်တကူရအောင်ဆိုပြီး ရေပိုက်တွေသွယ်ဖို့ တောင်ပေါ်ကို ကားလမ်းတွေဖောက်တယ်ဗျာ။ ရေကန်တောင်ဆိုတာ ကျုပ်တို့ ရွာသားတွေရဲ့အသက်။ တောင်ပေါ်ကိုလမ်းဖောက်တယ်ဆိုတာ အများသိပြီးဖြစ်တဲ့အတိုင်း လမ်းအူကြောင်း တစ်လျှောက်က အပင်ကြီးငယ်မှန်သမျှကို ခုတ်ပစ်ရတာဗျ။ တောင်ပေါ်မှာလည်း လမ်းဖောက်တာနဲ့ မဆိုင်ဘဲ သစ်ပင်တွေ အမြောက်အမြား ခုတ်လှဲခံရတယ်ဗျာ။ ဒီ့ထက်ဆိုးတာက ကျုပ်တို့ရွာအ၀င်က နာမည်ကျော် ဆင်ကိုးရပ်ရေတံခွန်ဘက်ကို သဘာဝအတိုင်း စီးဆင်းနေတဲ့ ရေထွက်ပေါက်ကို ဘိလပ်မြေတာတမံနဲ့ ပိတ်ပစ်လိုက်တာပဲ။

ဒီတော့ ရေတံခွန်ဘက်ကို သဘာဝအတိုင်း ရေမစီးဆင်းနိုင်တော့ဘူးဗျ။ ကုမ္ပဏီက သွယ်ထားတဲ့ ရေပိုက်ထဲကိုပဲ ရေကန်ကရေကို သူတို့စိတ်ကြိုက် အသွင်းအထုတ် လုပ်နေကြတာဗျာ။

ဒီကိစ္စတွေကို အတတ်နိုင်ဆုံးညှိုနှိုင်းဖြေရှင်းကြဖို့ လွန်ခဲ့တဲ့နိုဝင်ဘာလတုန်းက ကျုပ်တို့ရွာသားတွေ စုပေါင်းဖွဲ့စည်းထားတဲ့ “ကံပေါက်ကျေးရွာဖွံ့ဖြိုးရေးကွန်ယက်” အဖွဲ့က ကုမ္ပဏီတာဝန်ရှိသူတွေ ဆီကို ကျေးရွာအုပ်ချုပ်ရေးမှူးဆီကနေတစ်ဆင့် အကြောင်းကြားပြီး တွေ့ဆုံခွင့်တောင်းခဲ့ကြတယ်။ အကြောင်းကြားစာထဲမှာ သတ္တုထုတ်လုပ်ရေးစက်ရုံ၊ လုပ်ကွက်နဲ့ ရေကန်တောင်ပေါ်ကို တက်ရောက် လေ့လာခွင့်တွေပေးဖို့ ပါဝင်ခဲ့တယ်။ လူပေါင်း (၇၀) ကျော် ပါဝင်တဲ့အဖွဲ့ဟာ ကံပေါက် ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ကံပေါက်ရပ်တပ်ဖွဲ့စခန်းမှူးတို့ရဲ့ ညှိုနိုင်းပေးမှုကြောင့် ကုမ္ပဏီတာဝန်ရှိသူတွေနဲ့အတူ သွားရောက် လေ့လာခဲ့ကြတယ်။

ကုမ္ပဏီတာဝန်ရှိသူနဲ့ ကျုပ်တို့အဖွဲ့တွေ ရေကန်တောင်ပေါ်မှာ သတ္တုတွင်းစီမံကိန်းအကြောင်း ဆွေးနွေးမေးမြန်းခွင့် ရခဲ့တယ်။ ကျုပ် မေးခွန်း ၈ ခုထက် မနည်းမေးခဲ့တယ်။ စိတ်ကျေနပ်စရာ အဖြေရယ်လို့ ဘာမျှ မယ်မယ်ရရ မရခဲ့။ အဆိုးဆုံးကတော့ ကုမ္ပဏီတာဝန်ရှိသူက ကုမ္ပဏီရဲ့ အစုရှယ်ရာတွေအများဆုံးကို ဘယ်သူပိုင်သလဲဆိုတဲ့မေးခွန်းကို တိတိပပ မဖြေတာရယ်၊ စက်ရုံက ထွက်လာတဲ့ ရေနောက်ရေဆိုးတွေကို ဟိန္ဇဲချောင်းထဲကို စီးဝင်တဲ့ ကျုပ်အိမ်ရှေ့ကချောင်းထဲကို မစွန့်ထုတ်ဘူး ဆိုတဲ့အဖြေရယ်၊ အဲဒီချောင်းထဲက ရေတွေနောက်တယ်ဆိုတာဟာ ရွာထဲက ပိဿာစား သတ္တုကျင်သူတွေကြောင့် နောက်ရတယ်ဆိုတာရယ်၊ ရေကန်တောင်ပေါ်ကို လမ်းဖောက် ရာမှာ လမ်းအူကြောင်းတစ်လျှောက်က သစ်ပင်တွေကလွဲရင် တခြားဘယ်အပင်ကိုမှ သူတို့မခုတ်ပါဘူးဆိုတဲ့အဖြေရယ်၊ ဆင်ကိုးရပ်ရေတံခွန်ကို သဘာဝအလျှောက်စီးဆင်းနေတဲ့ ရေထွက်ပေါက်ကို ပိတ်လိုက်တာကြောင့် ရေတံခွန်ဆီကို ရေစီးဆင်းမှုမထိခိုက်ဘူးဆိုတာရယ် စတဲ့အဖြေစကားတွေပါပဲ။

လေ့လာရေးခရီးပြီးဆုံးပြီး ၃ ရက်လောက်အကြာမှာ ကျုပ်တို့ဘက်က တောင်းဆိုချက်တွေပါတဲ့ စာတစ်စောင်ကို ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ သတ္တုတွင်းဌာနကို ပို့ခဲ့တယ်။ ခုထိတော့ ကျုပ်တို့ တောင်းဆိုထားတာတွေကို ကုမ္ပဏီဘက်က ဘာမှလိုက်နာဆောင်ရွက်တာ မတွေ့ရသေး။ ညည့်နက်လာပြီဗျာ။ ကျုပ်တို့ကံပေါက်ဆောင်းက ဒီညမှ ပိုများအေးနေသလားလို့။ နားစည်ကို ဘူဒိုဇာတွေ ခြေရာထပ်အောင် တက်နင်းနေတုန်းပဲ။ ဘူဒိုဇာတင်မဟုတ် မြေကြီးသယ်တဲ့ကားကြီး မောင်းသံတွေ၊ တတီတီမြည်နေတဲ့ ကားနောက်ဆုတ်သံတွေ၊ အဆိုးဆုံးကတော့ သံစည်ပိုင်း အကြီးကြီးကို နားအနားကပ်ပြီး သံချောင်းနဲ့ခေါက်နေသလား အောက်မေ့ရအောင် ကျယ်လောက်စူးရှတဲ့ အသံဆိုးကြီးတစ်ခု။ နာနာဘာဝအကြီးကြီးတစ်ကောင် နာကျင်စွာ အော်ဟစ်နေလေရော့သလား။

သတ္တုတွင်းကိုကျုပ်ချစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ခုတော့မုန်းတယ်။