မြိတ်တွင် အမျိုးသမီးတစ်ဦး ထီစုငွေ ကျပ်သိန်း‌ထောင်ချီ လိမ်လည်ပြီး တိမ်းရှောင်

0
4247

မြိတ်မြို့ မြိတ်တောင်နယ်မြေ ထားဝယ်ကမ်း (၁) ရပ်ကွက်ရှိ ထီစုဒိုင် အမျိုးသမီးတစ်‌ဦးသည် ထီစုငွေ ကျပ်သိန်း‌ထောင်ချီ လိမ်လည်ကာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းရပ်ကွက်နေသူနှင့် ထီစုငွေ လိမ်လည်ခံရသူအချို့ထံမှ သိရသည်။

ထီစုငွေများအား လိမ်လည်ပြီး တိမ်းရှောင်သူ၏နေအိမ်အား ထီစုငွေထည့်ဝင်ထားသူတို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတို့ လာရောက်ရှာဖွေခဲ့ကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။

“ဝန်ထမ်းအကြီးအကဲ သားသမီးတွေရဲ့ ငွေတွေရော ပါသွားတယ်လို့ကြားရတယ်။ တစ်အိမ်လုံး လူမရှိကြတော့ အိမ်ကို ဖွင့်ရှာကြတာ” ဟု ထားဝယ်ကမ်းရပ်နေ အမျိုးသားတစ်ဦးက ဆိုသည်။

တစ်ဦးလျှင် ကျပ်သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ ပါသွားကြောင်း ငွေလိမ်လည်ခံရသူအချို့က ပြောဆိုသည်။

“ထီစုငွေ အမ်းဖို့ဆိုပြီး သိန်းသုံးဆယ်ကျော်ပေးလိုက်တာ နောက်တစ်ရက် မိုးလင်းဆို လူမရှိတော့ဘူး” ဟု ထီစုငွေပါသွားသူ ကာယကံရှင် အမျိုးသားသမီးတစ်ဦးက ပြောသည်။

ထီစုငွေသည် ဥပမာ လူဆယ်ဦး၌ လူတစ်ဦးလျှင် တစ်ရက် ငါးထောင်ကျပ်နှုန်း ထည့်ဝင်ပြီး ဆယ်ရက်ဆိုလျှင် တစ်‌ဦးက စုငွေ ကျပ်ငါးသိန်းကို အလှည့်ကျစနစ်ဖြင့် ပြန်ထုတ်ယူသည့် စုငွေတစ်မျိုးဖြစ်သည်။

ယင်းထီစုငွေတွင် ငွေကြိုတင်ရယူလိုပါက အခြားငွေစုသူတစ်ဦးက ဥပမာ ဆယ်သိန်းဆိုလျှင် ရှစ်သိန်းကျပ်သာ ငွေထုတ်ပေးခြင်းအား ထီစုငွေအမ်းခြင်းဖြစ်သည်။

လက်ရှိ လိမ်လည်ခံရသူများတွင် ထီစုငွေထည့်ထားသူများ၊ ထီစုငွေအမ်းထားသူများလည်း ပါဝင်သည်ဟု ဆိုသည်။

ထီစုငွေများ လိမ်လည်တိမ်းရှောင်နေသူ အသက် ၂၇ နှစ်ရှိသူ အမျိုးသမီးအား ကာယကံရှင်များနှင့် မြိတ်တောင် နယ်မြေရှိ အမှတ် (၄) နယ်မြေရဲကင်းစခန်းတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့က ထိပ်တိုက်လာရောက်ဖြေရှင်းရန် ချိန်းဆိုခဲ့ရာ လာရောက်မဖြေရှင်းခဲ့ကြောင်း မြိတ်တောင်နယ်မြေအုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတစ်‌ဦးက ပြောသည်။

“ထီစုဒိုင်အမျိုးသမီးက မလာဘူး။ ငွေပါသွားတဲ့သူတွေ စာရင်းပေးကြမှပဲ သိန်းခြောက်‌ထောင်ကျော်အထိ ရှိတယ်လို့ သိလိုက်ရတာ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါအမျိုးသမီးသည် Facebook တွင် ချစ်ချစ်မေ (Chit Chit May) အကောင့်အမည်အသုံးပြုထားသူဖြစ်ကြောင်း ထီစုငွေ လိမ်လည်ခံရသူအချို့ထံမှ သိရသည်။

ယင်းအကောင့်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ထီစုငွေများနဲ့ပတ်သက်ပြီး မိသားစုဝင်တို့နှင့် သက်ဆိုင်မှုမရှိသဖြင့် ဆွဲမထည့်ကြရန်၊ အဆိုပါကိစ္စမှာ ၎င်းနှင့်သာ သက်ဆိုင်ကြောင်းကို ရေးသားထားကြောင်း ထီစုငွေ လိမ်လည်ခံရသူအချို့က ပြောပြသည်။

ယင်းနောက် အဆိုပါအကောင့်အား ဖျက်ချထားသဖြင့် ထီစုဒိုင်အမျိူးသမီးအား အကြောင်းအရင်းအား မေးမြန်းခွင့် မရခဲ့ပေ။

ယင်းကဲ့သို့ ထီစုဒိုင်များမှ လိမ်လည်ထွက်ပြေးသည့် ဖြစ်စဉ်တို့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ ဖြစ်ပေါ်နေသည်။