ထားဝယ် ဘုရားမဲ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ၊ စစ်ရေးတင်းမာမည်ကို ဒေသခံများစိုးရိမ်

0
4137

ထားဝယ်မြို့နယ်အဝင် မောင်မယ်ရှောင်ရွာအနီး ဘုရားမဲ စစ်ဆေးရေးဂိတ် ဒီဇင်ဘာလ ၁၁ ရက်က တိုက်ခိုက် ခံရကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ၃ နာရီဝန်းကျင်အထိ နှစ်နာရီခန့်ကြာ စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့ဝင်များကြား အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။

“ပစ်သံတွေက ဆက်တိုက်ပါပဲ။ လက်နက်ကြီးတွေရော ပါတယ်” ဟု အနီးဝန်းကျင်မှ ဒေသခံရွာသားတစ်ဦးက ပြောသည်။

အဆိုပါ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုကြောင့် ထိခိုက်မှု ရှိ မရှိ အခြေအနေကိုမူ Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ဆေးရေးဂိတ်ကို လုံခြုံရေးအင်အားတိုးမြှင့်ချထားက ညပိုင်းတွင် လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ရေးအခြေအနေ ဆက်လက်တင်းမာလာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါစစ်ဆေးရေးဂိတ်သည် ထားဝယ်-ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မောင်မယ်ရှောင်ရွာအနီးတွင် ရှိသည်။ အဆိုပါဂိတ်ကို အာဏာသိမ်းပြီးနောက်ပိုင်းမှသာ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

မနေ့က ပစ်ခတ်မှုကြောင့် ခရီးသွားလာမှု နည်းပါးသွားပြီး ယနေ့တွင် ပုံမှန်တိုင်း ခရီးသွားလာနေကြကြောင်း အနီးဝန်းကျင်က ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကားသွား ကားလာတွေက ပုံမှန်ပါပဲ။ ကျွန်မ မနက်ကပဲ ထားဝယ်သွားသေးတယ်။ ခါတိုင်းထက် လုံခြုံရေးအဖွဲ့တွေ များနေတာကလွဲလို့ ပိတ်ဆို့ထားတာမျိုးမရှိဘူး” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းကလည်း အဆိုပါစစ်ဆေးရေးဂိတ်နှင့် တစ်မိုင်ခန့် အကွာတွင် ရှိသော ဇီးကျရွာနှင့် ညင်းထွေးကျေးရွာကြားတွင် စစ်ကောင်စီကားတစ်စီး မိုင်းဆွဲခံခဲ့ရသေးသည်။

အဆိုပါစစ်ဆေးရေးဂိတ်နှင့် မောင်မယ်ရှောင်ရွာကြား လမ်းပိုင်းတွင် စစ်ကောင်စီတပ် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။