တနင်္သာရီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးကျဆုံး

0
3891

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၂ က ယနေ့သတင်းထုတ်ပြန်သည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၂ (တပ်ခွဲ ၁) မှ ဒုတပ်စိတ်မှူး ရဲဘော် ပျံလွှားနှင့် အခြားဒုတပ်စိတ်မှူးတစ်ဦး ဖြစ်သူ ရဲဘော် လူတော်တို့ နိုဝင်ဘာလ ၁၆ ရက်နေ့ တနင်္သာရီမြို့နယ်၊ ထုံတွန်ရွာအနီး တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲဘော်နှစ်ဦး၏ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုများ၊ အနစ်နာခံမှုများနှင့် ပေးအပ်သည့် တာဝန်ကိုများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများအပေါ် မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းမှ အလွန်အမင်း လေးစားဂုဏ်ယူမိပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူကြေကွဲ  ဝမ်းနည်းရပါသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တနင်္သာရီမြို့နယ်၊ ထုံတွန်ကျေးရွာအနီး နိုဝင်ဘာ ၁၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ထုံတွန်ကျေးရွာဖက်သို့ အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။

“ညောင်ပင်ကွင်းနဲ့ ခြောက်မိုင်အကြား ထုံတွန်ရွာဖက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခဲ့တယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

နိုဝင်ဘာ ၁၄ ရက်ကလည်း တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာနှင့် ဗောဓိကမ်းကျေးရွာ တို့တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ကထုတ်ပြန်ထားသည်။

ယခုလအတွင်း တနင်္သာရီမြို့အနီးတစ်ဝိုက်တွင် နှစ်ဖက်တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်လာနေပြီး ကျေးရွာ ၁၀ ရွာ ဝန်းကျင်မှ ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။