အောက်သရက်ချောင်းကျေးရွာတွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၊ တစ်ဦးသေ

0
4240

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်း ကျေးရွာတွင် အောက်တိုဘာလ ၂၀ ရက် ည ၉ နာရီခွဲခန့်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး တစ်ဦးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူနှစ်ဦးအနက် အသက် ၃၇ နှစ်ခန့်ရှိ ကိုနောင်စိုးဆိုသူမှာ နေရာတွင်သေဆုံးခဲ့ပြီး အသက် ၃၅ နှစ်ခန့်ရှိ ကိုစိုးထိုက်မှာ သေနတ်ဒဏ်ရာ လေးချက်ခန့် ရရှိထားကြောင်း အောက်သရက်ချောင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသားနှစ်ဦးမှာ ရွာတွင် အေးဆေးနေတတ်သူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုနောင်စိုးမှာ မူလတန်းကျောင်းအုပ်ဖြစ်ပြီး ကျောင်းမတက်ရဲသဖြင့် အလုပ်နားထားသည်မှာ ကြာပြီဖြစ်သည်ဟု အခြား ဒေသခံအချို့က ပြောသည်။

သေနတ်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည့် ကိုစိုးထိုက်မှာ ပန်းရံလုပ်ကြောင်း ဒေသခံအချို့က ဆိုသည်။

၎င်းတို့နှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

“အခုလို ပစ်သတ်ခံနေရတာ ၅ ယောက်ဖြစ်ပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၀ ရက် ညက ပစ်ခတ်ရာတွင် ဦးဝဲဇီ (ခေါ်) ဦးဖစု နေအိမ်ကိုလည်း သေနတ်သမားများက ဝင်ရောက်ခဲ့သေးကြောင်း ၎င်းက ဆိုသည်။

ဦးဖစုမှာ အောက်သရက်ချောင်းကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး သေနတ်သမားများ လာချိန်တွင် ရှောင်တိမ်းနိုင်ခဲ့သဖြင့် အသက်ဘေးက လွတ်မြောက်ခဲ့သည်ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။

ကိုစိုးထိုက်ကို ပစ်ခတ်ခံရသည့် ညတွင် ဆေးရုံပို့ပေးရန် အရေးပေါ်လူနာတင်ယာဉ်များခေါ်ရ အဆင်မပြေသဖြင့် ယနေ့ (အောက်တိုဘာ ၂၁) နံနက်မှသာ ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ယခုနှစ် မေလ ၁၅ ရက်ညကလည်း အောက်သရက်ချောင်းကျေးရွာတွင် ဦးမင်းနောင်၊ ဦးစိုးဝင်း၊ ဦးသိန်းတန်ဆိုသည့် အမျိုးသားသုံးဦး အသတ်ခံခဲ့ရသည်။ ၎င်းတို့ သုံးဦးမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ကြံ့ခိုင်ရေးပါတီ အတွက် လိုက်လံ စည်းရုံးခဲ့သူများဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။