တရားမဝင်လမ်းကြောင်းဖြင့် မလေးရှားသွားမည့် မြန်မာလုပ်သား ၃၀ ထိုင်းတွင် ဖမ်းဆီးခံရ

0
3705

မလေးရှားတွင် သွားရောက်လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက် လာသော မြန်မာအလုပ်သမား ၃၀ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ ရတ်ခ်ျဘူရီခရိုင်တွင် မောင်ဒေသ ကြံတောအနီးရှိ မြောင်းဘေးတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ စုဝေးရောက်ရှိနေသည်ဟု ရွာသားများ၏ တိုင်ကြားချက်အရ ဒေသအာဏာပိုင်များက သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၄ ဦး ပါဝင်နေပြီး ၎င်းတို့သည် ကန်ချနဘူရီခရိုင်ရှိ စစ်ဆေးရေး ဂိတ်တစ်ခုကို တရားမဝင်ဖြတ်ကျော်လာပြီးနောက် ထိုင်းပွဲစား လာကြိုမည့်ကားကို စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာအလုပ်သမားအားလုံးသည် မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွက် ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ခ ဘတ် ၂၀၀၀၀ ၊ မလေးရှားနိုင်ငံအတွင်းသို့ပို့ဆောင်ခ ဘတ် ၁၅၀၀၀ စုစုပေါင်း ဘတ်ငွေ ၃၅၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။

ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် မောင်ရတ်ခ်ျဘူရီရဲစခန်းသို့ ပို့ဆောင် ထိန်းသိမ်းခဲ့ပြီး အရေးယူပြီးနောက်ပိုင်းတွင် ပြည်နှင်ဒဏ်ပေးခံရမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ပြည်တွင်း မလုံခြုံမှု၊ အလုပ်အကိုင် ရှားပါးလာမှုလာပြီး စားဝတ်နေရေးကျပ်တည်းမှုတို့ကြောင့် မြန်မာအလုပ်သမား များသည် ငွေကြေးများစွာ အကုန်ကျခံကာ ထိုင်း၊ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် နည်းလမ်းဖြင့် နေ့စဉ်နှင့်အမျှ ဝင်ရောက်နေကြသည်။

ထိုသို့ဝင်ရောက်စဉ်တွင် ဖမ်းဆီးခံရမှုများ ဆက်တိုက်ရှိနေသကဲ့သို့ ကားမှောက်မှု၊ အလုံပိတ်ကားပေါ်တွင် အသက်ရှု ရပ်သဖြင့် သေဆုံးမှု၊ မိုးရေထဲတွင် အမောဖောက်သေဆုံးမှု စသော ဖြစ်ရပ်များစွာလည်း ဖြစ်ပွားခဲ့သည်။

Ref: MGR Online, Khoasod Online, โจโฉ