ရေး တိုက်ပွဲတွင် မွန်အခြေပြုတော်လှန်ရေးအဖွဲ့ တာဝန်ခံကျဆုံး

0
3739

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO) ၏ တာဝန်ခံ ကျဆုံးသွားကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရေးမြို့ အနောက်ဘက် ၇ မိုင်ခန့်အကွာ အစင်ကျေးရွာအုပ်စု ဇီးဖြူသောင်ကျေးရွာရဲစခန်းကို အောက်တိုဘာ ၁၇ ရက်နေ့ ညနေပိုင်းက MSRO အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းရဲစခန်းကို တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာစဉ် MSRO စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ရေးမြို့အနောက်ဘက် ၇ မိုင်ခန့်အကွာရှိ ဒူးယားကျေးရွာအုပ်စု ပလိုင်ကီးကျေးရွာအနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ပွဲတွင် MSRO တာဝန်ခံ ရဲဘော် ကိုသီဟနေစိုး (ခေါ်) တိုဘီ (ခေါ်) ကိုအဂ္ဂ ကျဆုံးသွားကြောင်း MSRO က ထုတ်ပြန်သည်။

ရဲစခန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်၊ MSRO နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်တို့တွင် စစ်ကောင်စီဘက် ကလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးတာရှိတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ အတိအကျတော့ မသိဘူး” ဟု ရေးဒေသံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က ထုတ်ပြန်ထားရာတွင်မူ ဇီးဖြူတောင်ပစ်ခတ်မှုဖြစ်စဉ်တွင် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ရဲဘော်တစ်ဦး ခြေသလုံး ကျည်ဖောက်ဝင် ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

MSRO အဖွဲ့တာဝန်ခံ ကိုသီဟနေစိုးသည် ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ လူငယ်ရေးရာ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ဖူးသူလည်းဖြစ်သည်။

မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများနှင့် ဌာနဆိုင်ရာရုံးများကို မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည့်အပြင် အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေး ဒလန် ဆိုသူများကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။