တနင်္သာရီမြို့တစ်ဖက်ကမ်း ဘန်လောရွာအနီး တိုက်ပွဲဖြစ်

0
4341

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောရွာအနီးတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဘန်လောကျေးရွာနှင့် မိုင်ဝက်ခန့်အကွာတွင်ရှိသည့် ကျောက်ပုံတောင်အနီး ယနေ့ (စက်တင်ဘာ ၂၉) နံနက် ၁၁ နာရီခန့်တွင် စတင်တိုက်ပွဲဖြစ်ပွားပြီး ပစ်ခတ်သံများကြားနေရဆဲဖြစ်ကြောင်း ယင်းရွာသားတစ်ဦးက နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်က ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညနေ ၅နာရီဝန်းကျင်ကလည်း ဘန်လောရွာနှင့် နှစ်မိုင်ခန့် အကွာတွင်ရှိသည့် ဗောဓိကမ်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ကတော့ လက်နက်ကြီးပစ်သံပါ ကြားရတယ်။ ဒီနေ့တော့ လက်နက်ငယ်အသံတွေပဲ ကြားနေရတယ်” ဟု တနင်္သာရီမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာသားတချို့လည်း အခုဆိုပြေးပုန်းကြပြီပေါ့။ (တိုက်ပွဲက) ရွာနဲ့က နီးနေတာကိုး” ဟု ဒေသခံနောက်တစ်ဦး က ပြောသည်။

တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပေ။

ဘန်လောကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် မိမိတို့မဟာမိတ်တပ်များ တိုက်ပွဲဖြစ်နေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိပေးကြရန် တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး ဘက်မလိုက် ပြောက်ကျား တပ်ဖွဲ့က ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

စစ်ဖြစ်ပွားနေသည့် နေရာများသို့ သွားလာခြင်းမပြုပါရန်လည်း ထုတ်ပြန်ထားသည်။

ဘန်လောကျေးရွာအုပ်စုနှင့် တနင်္သာရီမြို့အကြား တနင်္သာရီမြစ်တစ်ခုသာခြားနားထားသည်။

ဗောဓိကမ်းနှင့် တနင်္သာရီမြို့တို့သည် တနင်္သာရီမြစ်တစ်ဖက်တကမ်းတွင် တည်ရှိကြသည်။ ဗောဓိကမ်းနှင့် ဘန်လောရွာတို့မှာ တစ်ကမ်းတွင်တည်ရှိကြသည်။

ဗောဓိကမ်းနှင့် တနင်္သာရီမြို့မှာ ၁ မိုင်ခန့်သာဝေးကွာပြီး ဘန်လောကျောက်ပုံတောင်နှင့် တနင်္သာရီမြို့မှာ ၂ မိုင်ခွဲခန့်သာ ဝေးကွာသည်။