ကျေးဇူးတော်ရွာ ပိတ်ဆို့ခံထားရဆဲဟုဆို

0
4177

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးဇူးတော်ရွာကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသဖြင့် ဒေသခံများ စိုးရိမ်ပြီး တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျေးဇူးတော်ရွာကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည်မှာ လေးရက်ခန့်ရှိနေပြီဖြစ်ပြီး ဒေသခံ ၂၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။

“အခုအခြေအနေကတော့ သူတို့ (စစ်ကောင်စီတပ်) ကတော့ရွာကို ဝိုင်းထားတာပေါ့နော်။ အင်းအားကတော့ သုံးရာကျော်လောက်ရှိတယ်လို့ ကြားရတယ်။ ရွာဝင်လမ်းထိပ်က (KNU) ဂိတ်မှာကို အင်အားတစ်ရာလောက် ရှိတယ်လို့ပြောတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၁နာရီခန့်က ပြောဆိုသည်။

စက်တင်ဘာလ လဆန်းပိုင်းက ကျေးဇူးတော်ရွာအနီး ထားဝယ် – ရန်ကုန်အဝေးပြေးကားလမ်းမဘေးရှိ နှမ်းကျဲ၊ ရေပုန်းနှင့် ကရင်ရှင်ထဘီကျေးရွာတို့မှ ဒေသခံ ၁၆ ဦးခန့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအချို့က ဆိုသည်။

“ကျေးဇူးတော်ရွာကို သယ်လာတဲ့ နှမ်းကျဲရွာသားရဲ့ဆန်ကား အဖမ်းခံထိတယ်။ အဲဒီမှာ သူတို့ဆန်တွေလည်း ပါတယ်ဆိုပြီးတော့ သွားပြီးတော့ သက်သေသွားထွက်ပေးတဲ့ ရွာသားတွေကိုပါ ဖမ်းထားလိုက်တာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဆန်သယ်လာသည့်ကားကို မည်သည့်အတွက် စစ်ကောင်စီတပ်က ဖမ်းဆီးသည်ကိုမူ မသိရကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းဆန်သယ်သည့် ကားနှင့် ဆက်စပ်သူဒေသခံများ အဖမ်းခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးဇူးတော်ရွာအား ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ကျေးဇူးတော်ရွာတွင် CDM နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ နေထိုင်သည်ဟုဆိုကာ ကျေးဇူးတော်ရွာသို့ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလကလည်း ကျေးဇူးတော်ကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး ရွာရှိ စာသင်ကျောင်းတွင် ရက်ပိုင်းမျှတပ်စွဲကာ တောတောင်အတွင်း တောနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ဖူးသည်။