ပွဲစားလိမ်ခေါ်လာသည့် မြန်မာလုပ်သား ၂၀၀ကျော် ရနောင်းတွင် ပိတ်မိ

0
336

ထိုင်းနိုင်ငံသို့ တရားဝင်လမ်း‌ကြောင်းဖြင့် ပို့ဆောင်ပေးမည်ဟု ပွဲစားတစ်‌ဦးက လိမ်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော် ရနောင်းမြို့တွင် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။

ကော့သောင်းမြို့တဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ပိတ်မိနေသူများမှာ မကွေး၊ ပဲခူး၊ ဧရာဝတီတို့မှ ဖြစ်ပြီး စုစုပေါင်း ၂၂၆ ဦးရှိကြောင်း ပိတ်မိနေသည့် ပဲခူးတိုင်း ဒိုက်ဦးမြို့သားတစ်ဦးက Dawei Watch သို့ ပြောသည်။

ယခင်ကမတွေ့ဖူး၊ မမြင်ဖူးသည့် ပွဲစားတစ်ဦးက ထိုင်းနိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြင့်ပို့ပေးပြီး အလုပ်ရသည်အထိ တာဝန်ယူမည်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် ၁၇ သိန်းဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‌သို့သော် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရာတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ယင်းအပြင် သွားလိုသည့်နေရာကို မပို့ပေးဘဲ ရနောင်းမြို့တွင် နေထိုင်ရသည်မှာ တစ်လကျော်နေပြီဖြစ်ပြီး နောက်ပိုင်းတွင် ပွဲစားက ငွေကြေးထပ်မံ တောင်းခံနေကြောင်း ၎င်းက ဆိုသည်။

“တစ်ယောက်ကို ဘတ် ၆၀၀၀ ပေးရမယ်ဆိုပြီး လာပြောတယ်။ အခုပေးရင် အခုပို့ပေးမယ်တဲ့။ မပေးနိုင်ရင် ထပ်စောင့်ရမယ်လို့ (ပွဲစားက) က ပြောတယ်။ ကျွန်တော်တို့က အတိုးနဲ့ အိမ်ဝိုင်းတွေပေါင်ပြီးလာရတာပါ” ဟု အဆိုပါ ဒိုက်ဦးမြို့သားက ပြောဆိုသည်။

လက်ရှိတွင် ပိတ်မိနေသူများအား ကူညီပေးရန် ထိုင်းနိုင်ငံရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူတို့ထံ အကူအညီတောင်းခံထားကြောင်း ပိတ်မိရာတွင်ပါဝင်သည့် အခြားဒိုက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ဒိုက်ဦးမြို့ခံနှစ်ဦး ပေးပို့သော ဓာတ်ပုံမှတ်တမ်းအရ ၎င်းတို့ကိုခေါ်ဆောင်လာသော ပွဲစားမှာ လူငယ်ပိုင်းအရွယ် ဖြစ်သည်။

နာမည်မှာ ကိုဖိုးလပြည့်ဟုခေါ်ပြီး အပြင်တွင်မတွေ့ဖူးဘဲ တဆင့်ခံပွဲစားတစ်ဦး၏ ချိတ်ဆက်ပေးမှုဖြင့် အသိမိတ်ဆွေ မရှိသော ထိုင်းနိုင်ငံသို့ ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများသည် လုံခြုံရေးကြောင့်လည်းကောင်း၊ စီးပွားရေးကျပ်တည်းမှုကြောင့် လည်းကောင်း အိမ်နီးချင်းထိုင်းနှင့် မလေးရှားနိုင်ငံတို့ကို တရားမဝင်လမ်းကြောင်းမှ အလုံးအရင်းဖြင့် ထွက်ခွာနေကြ သည်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် တရားဝင်လမ်းကြောင်းမှ ထွက်ခွာသူများလည်းရှိပြီး အရေအတွက် အားဖြင့်နည်းပါးကြောင်း ကော့သောင်းမြို့ခံ ထိုင်းနိုင်ငံအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီတာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီဘက်ကမူ လူကုန်ကူးမှုတားဆီးရေးအတွက်ဟုဆိုကာ ကော့သောင်းမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှု တားဆီးရေး သင်တန်းပို့ချပေးလျှက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။