သရက်ချောင်း၊ ကင်းရှေ့ရွာတွင် အမျိုးသားတစ်ဦး အသတ်ခံရ

0
329

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် ယနေ့ (ဩဂုတ် ၄) ညနေ ၄ နာရီခန့်တွင် ဦးကုလားဆိုသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါအမျိုးသားမှာ ကင်းရှေ့ရွာရှိ ဥယျာဉ်ခြံတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

အသက် ၄၀ ခန့်ရှိ ဦးကုလားမှာ စော်ဖျားကျေးရွာ ပျူစောထီးခေါင်းဆောင် ဦးမောင်ရီအဖွဲ့နှင့် စစ်တပ်ကို သတင်းပေးနေသူဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်ဟု ကင်းရှေ့ရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ဦးကုလားကို မည်သည့်အကြောင်းကြောင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကို အတိအကျမသိဟု ကင်းရှေ့ရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။

” သူများတွေပြောတာတော့ သေနတ်သံ ၃ ချက်ကြားတယ်လို့ ပြောတယ်၊ ကျွန်မတော့ ၁ ချက်ပဲကြားလိုက်တယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ဦးကုလားမှာ ‌သရက်ချောင်းမြို့နယ်၊ ပေါက်တိုင်းရွာဇာတိဖြစ်ပြီး ကင်းရှေ့ရွာသူနှင့် အိမ်ထောင်ကျနေသူဖြစ်သည်။ ၎င်းမှာ ဥယျာဉ်ခြံလုပ်ကိုင်သည်ဟု ဒေသခံအချို့က ပြောသည်။

ဇူလိုင်လ ၂၈ ရက် နံနက် ၄ နာရီခန့်ကလည်း ကင်းရှေ့ရွာမှ အသက် ၅၀ ခန့်ရှိ ဦးကြိုင်လင်းဆိုသူ အမျိုးသားတစ်ဦးကို စစ်တပ်၊ ပျူစောထီးနှင့် ပက်သက်မှုရှိသည်ဟုဆိုကာ ပစ်ခတ်ရှင်းလင်းခံရကြောင်း‌ ကျေးရွာနေ ဒေသခံအချို့က ပြောသည်။