မြိတ်ခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် ကိုဗစ် ပျံ့နှံ့

0
174

မြိတ်ခရိုင်အတွင်း မြိတ်၊ ကျွန်းစု၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့ရှိ ကျေးရွာအချို့တို့တွင် ကိုဗစ်ပိုးကူးစက်မှု ပျံ့နှံနေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကျွန်းစုမြို့နယ် ကျွဲခရံအုပ်စု ပဲ့တိုင်ကျေးရွာတွင် ကိုဗစ်ပိုးတွေ့သူ ခုနှစ်ဦးအနက် သေဆုံးသူနှစ်ဦးရှိနေကြောင်း ယင်းရွာနေ ရေလုပ်ငန်းလုပ်ကိုင်နေသူ အသက် ၃၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောပြသည်။

ထို့ပြင် ကျွဲခရံကျေးရွာအုပ်စုအတွင်းရှိ ဘုရားထွက်နှင့် ကျွဲခရံရွာတို့တွင် ကိုဗစ်ကူးစက်သူ အချို့ရှိနေကြောင်း အထက်ပါ အမျိုးသားက ပြောပြသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် လယ်တောင်ယာရွာကျေးရွာတွင် စက်တင်ဘာလ ၁၃ ရက်နေ့က ကိုဗစ်ပိုးရှိသူ လေးဆယ်ကျော်ရှိခဲ့သဖြင့် ထိတွေ့ဆက်စပ်သည့် နေအိမ် သုံးဆယ်နီးပါးအား အသွားအလာကန့်သတ်မှု ပြုလုပ်ထားရကြောင်း သိရသည်။

ယင်းကဲ့သို့ ကျေးရွာအချို့တွင် ကိုဗစ်ပိုးတွေ့ရှိနေသဖြင့် ရွာသို့ ဝင်ရောက်လာသူတို့အား ကျေးရွာရှိ စာသင်ကျောင်းတို့တွင် ၇ ရက် ကွာရန်တင်းစခန်းဝင်ခြင်းနှင့် ကိုဗစ်ပိုး ရှိ မရှိ စစ်ဆေးခြင်းတို့ ဆောင်ရွက်နေကြောင်း ကျွဲခရံကျေးရွာအုပ်စု သဇင်ကျေးရွာမှ ကိုဗစ်နိုင်တီးထိန်းချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

“ကွာရန်တင်းမဝင်ချင်တဲ့ သူတွေကို ကိုဗစ်ရှိ မရှိစစ်ပေးတယ်” ဟု ကိုဗစ်နိုင်တီးထိန်းချုပ်ရေး အဖွဲ့ဝင်က ပြောသည်။

ကိုဗစ်ပိုး ရှိ မရှိ စစ်ဆေးခြင်းအား သတ်မှတ်ထားသည့် စစ်ဆေးခနှုန်းထားပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဌာန၏ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ပုလောမြို့တွင် ကိုဗစ်ပိုးတွေ့သူ ၂၁ ဦး၊ သေဆုံးသူ ၄ ဦး၊ မြိတ်မြို့တွင် ၃၁ ဦး၊ သေဆုံးသူ ၄ ဦး၊ ကျွန်းစုမြို့နယ်တွင် ၅၇ ဦး၊ သေဆုံးသူ ၂ ဦးနှင့် တနင်္သာရီမြို့နယ်တွင် ၁၃၁ ဦး၊ သေဆုံးသူ ၁ ဦး ရှိကြောင်း သိရသည်။

အထက်ပါ တိုင်းကျန်းမာရေးဌာန၏ မြို့နယ်အလိုက် Covid 19 ရောဂါ တွေ့/သေဆုံးလူနာ အခြေပြဇယားအရ တနင်္သာရီမြို့နယ်တွင် ကိုဗစ်တွေ့ရှိမှု အများဆုံးဖြစ်သည်။