KNU တပ်မဟာ ၄ ထားဝယ်မြို့နယ် ဥက္ကဋ္ဌ ပြန်လွတ်

0
228
Dawei Watch, Dawei News, Dawei News Media

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) လယ်ဒိုစိုးမြို့နယ် (ထားဝယ်မြို့နယ်) ဥက္ကဋ္ဌ ဖဒိုစောဆီးပြန်လွတ်လာပြီဖြစ်ကြောင်း မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးထံမှ သိရသည်။

လယ်ဒိုစိုးမြို့နယ် ဥက္ကဋ္ဌ ဖဒိုစောဆီးကို စက်တင်ဘာ ၉ ရက်နေ့က စစ်တပ်က လက်နက်ကိုင်ဆောင်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ဖဒိုဝင်းခိုင်က ပြောသည်။

“ဖမ်းသွားတာကတော့ သူက အဓိက ကားပေါ်မှာ သေနတ်ပါလို့ပါ၊ အဲဒါကြောင့်မို့လို့ ပြောရမယ်ဆိုရင် လက်နက်ကိုင်ဆောင်မှုပေါ့၊ ပြန်လွတ်လာဖို့အတွက် အထွေအထူးတော့ မရှိပါဘူး၊ အဲဒါကတော့ (ခေါင်းဆောင်ပိုင်းတွေ) ပြန်ပြီးတော့ ညှိနှိုင်းပြီးတော့ စကားပြောရတာပေါ့၊ ဆွေးနွေးရတာပေါ့” ဟု ဖဒိုဝင်းခိုင်က ဆိုသည်။

ဖဒိုစောဆီးကို ထီးခီးမှ အပြန် ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့တာဖြစ်ပြီး မည်သည့် တပ်ရင်း တပ်ဖွဲ့က ဖမ်းဆီးသွားသည်ကို အတိအကျ မသိရကြောင်း ဖဒိုဝင်းခိုင်က ပြောသည်။

ဖဒိုစောဆီး ဖမ်းဆီးခံရသည့် နယ်မြေမှာ အမှတ်(၈) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခ.မ.ရ-၄၀၂) လှုပ်ရှားနယ်မြေဖြစ်သည်ဟု သိရသည်။

စက်တင်ဘာ ၇ ရက်နေ့က KNU တပ်မဟာ (၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များနှင့် စစ်တပ်အကြား ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။