မွန်တွင် ပညာရေးဝန်ထမ်း ၃၀၀၀ ကျော် အလုပ်ယာယီရပ်ဆိုင်းခံရ

0
231
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာရေးဝန်ထမ်း ၃၀၀၀ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံရသည့် ပညာရေးဝန်ထမ်းများသည် အာဏာသိမ်းတပ် လက်အောက်တွင် အလုပ်မလုပ်လိုကြသည့်အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေကြသူများဖြစ်သည်။

“လက်ရှိ တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတာကတော့ ၃၀၀၀ ကျော်သွားပြီး၊ CDM မှာ ပါဝင်နေကြတဲ့သူတွေပါ” ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံရသူများသည် ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ ပျက်ကွက်ခြင်း လုံလောက်သောအကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်နေခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဆိုပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ထုတ်ပြန်ထားသည့်စာတွင် ပါရှိသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံရသူ ၃၀၀၀ ကျော်ထဲတွင် ဆရာ ဆရာမများအပြင် မူလတန်း အလယ်တန်းနှင့် အထက်တန်းကျောင်းအုပ်ကြီးများလည်း ပါဝင်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေကြသည့် ပညာရေးဝန်ထမ်းများကို အလုပ်ခွင်ထဲ ပြန်ဝင်နိုင်အောင် နည်းမျိုးစုံဖြင့် ဖိအားပေးနေသော်လည်း အများစုက လက်မခံဘဲ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေကြသည်ဟု ကျောင်းဆရာ ဆရာမအချို့တို့ထံမှ သိရသည်။

“အလုပ်ခွင်ထဲ ပြန်ဝင်ဖို့ အမျိုးမျိုးပဲ ဖိအားပေးလာတာရှိတယ်၊ အလုပ်ကနေ ရပ်ဆိုင်းခံရတဲ့အထိပါပဲ ဒါပေမယ့် နောက်ပြန်မလှည့်ဘူး အာဏာရှင်ကို ဆက်ဆန့်ကျင်နေမှာပဲ” ဟု CDM တွင် ပါဝင်နေသည့် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးက ပြောသည်။

ပြည်နယ်အတွင်းရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေကြသည့် ပညာရေးဝန်ထမ်း အချို့တို့ကိုလည်း အာဏာသိမ်း စစ်ကောင်စီတို့မှ ပုဒ်မ (၅၀၅) ဖြင့် တရားစွဲဆိုပြီး လိုက်လံဖမ်းဆီးမှုလည်းရှိခဲ့သည်။

အဆိုပါအခြေအနေကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေကြသည့် ကျောင်းဆရာ ဆရာမများ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်ပြီးနေကြရသည်လည်း ရှိသည်ဟု သိရသည်။