သရက်ချောင်းတောင်ပျောက်တိုက်နယ် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရပြီး အမျိုးသမီးတစ်ဦး အဖမ်းခံရ

0
140
Dawei Watch, Dawei News, Dawei News Media

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ဆိုင်ကယ်သပိတ်စစ်ကြောင်းကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်နှင့်ရဲက သေနတ်ပစ်ဖြိုခွင်းခဲ့ရာ အမျိုးသမီးတစ်ဦး အဖမ်းခံရကြောင်း ဆန္ဒပြစစ်ကြောင်းလိုက်ပါသူအချို့ထံမှ သိရသည်။

အဆိုပါ သပိတ်စစ်ကြောင်းသည် တိုက်နယ်အတွင်းရှိ ပြင်းဖြူသားရွာရှိ ကျောက်မီးသွေးလမ်းအနီးသို့ ရောက်ရှိချိန်တွင် ရဲနှင့်စစ်တပ်က သေနတ်ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း ဆန္ဒပြစစ်ကြောင်းတွင်လိုက်ပါသည့် အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းသပိတ်စစ်ကြောင်းသည် တိုက်နယ်အတွင်းရှိ ကျွဲခြံရွာမှတဆင့် သဲချောင်းကြီး၊ စုံစင်ဖျား၊ မြလေးပင်၊ စုံစင်၊ ဆီတော၊ ဆီဒတ်ကျေးရွာများသို့ လှည်လည်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“လမ်းကနေဖြတ်ပြီး ဖြိုခွင်းခံထိတယ်။ ကျည်အစစ်တွေနဲ့ ပစ်တာ၊ လူတော့ ထိခိုက်မှုမရှိဘူး၊ အမျိုးသမီးကတစ်ယောက် ဆိုင်ကယ်က လေးစီးလောက် ပါသွားတယ်” ဟု ယင်းအမျိုးသားက ဆိုသည်။

ဝင်းကဖော်ရွာနေ မပြုံးတင့် ဆိုသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ၎င်းအား သရက်ချောင်းမြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။