ပုလောမြို့နယ်လူထုဗဟိုပြုစီမံကိန်း မကြာမီစမည်

0
164
Dawei Watch, Dawei News, Dawei News Media

ပုလောမြို့နယ်တွင် လုပ်ဆောင်နေသည့် လူထုဗဟိုပြုစီမံကိန်းအား မကြာမီ စလုပ်တော့မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

ကမ္ဘာ့ဘဏ်၏ အစီအစဉ်ဖြင့် လူထုဗဟိုပြုစီမံကိန်းကို မြန်မာနိုင်ငံတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်အကောင် အထည်ဖော်နေပြီး မြို့နယ် ၆၃ ခုတွင် စတင်အကောင်အထည်ဖော်ခဲ့သည်။

ယင်းနောက် ရန်ပုံငွေပိုနေသည့်အတွက် နောက်ထပ်မြို့နယ် ၁၃ ခုကို ထပ်မံရွေးချယ်ရာ တနင်္သာရီတိုင်းတွင် ပုလောမြို့နယ်တွင် လုပ်ဆောင်ရန် ယမန်နှစ်က ရွေးချယ်ခဲ့သည်။ တိုင်းအတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီအချို့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ အုပ်စု ၁၀ ခု ခွဲကာ အုပ်စုအလိုက်ဆွေးနွေး အမှတ်ပေးသည့်စနစ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု၊ လူဦးရေ၊ ကျေးရွာအုပ်စုအတွင်း ကျေးရွာအရေအတွက်နှင့် လူဦးရေ အပေါ် မူတည်ကာ တစ်နှစ်လျှင် ငွေကျပ် ၂၄ သန်းမှ ၂၂၀ သန်းအထိ ထောက်ပံ့ငွေရ ရှိမည်ဖြစ်သည်။

ထောက်ပံ့သည့်ငွေကို ကျေးရွာအုပ်စု စီမံကိန်း အထောက်အကူပြုကော်မတီထံ ဘဏ်ငွေစာရင်းမှတစ်ဆင့် တိုက်ရိုက် ထောက်ပံ့မည်ဖြစ်သည်။ အဆိုပါ စီမံကိန်းက ယခုနှစ်တွင် စတင်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ လေးနှစ်ဖြစ်သည်။

ယင်းထောက်ပံ့ငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတိုင်းတွင် အခြေခံ အဆောက်အအုံ(လမ်း၊ တံတား၊ အဆောက်အဦ) ကို အဓိကထားလုပ်ဆောင်ရမည် ဖြစ်သည်။

စီမံကိန်းအကောင်အထည်ဖော်မည့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာ တိုင်းတွင် စီမံကိန်းအထောက်အကူပြု ကော်မတီများဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းကော်မတီတိုင်းတွင် အမျိုးသမီးဦးရေ ငါးဆယ်ရာခိုင်နှုန်း ပါဝင်ရမည်ဖြစ် ကြောင်း စီမံကိန်းအချက်အလက်အရ သိရသည်။

လက်ရှိတွင် စီမံကိန်းနှင့် ပတ်သက်၍ ရုံးခန်းအဆောက်အအုံများတည်ဆောက် ပြီးဖြစ်ကာ သက်ဆိုင်ရာကော်မတီများ ဖွဲ့စည်းမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင်နုက ဆိုသည်။

“ဒီစနစ်ဟာ ပြည်သူကိုယ်တိုင် ရွေးချယ်ရတယ်။ တစ်ဦးတစ်ယောက်တည်း လုပ်လို့မရပါဘူး။ ပြည်သူကိုယ် တိုင်ရွေးချယ်ပြီးတော့ ပြည်သူကိုယ်တိုင် ပစ္စည်းဝယ်အဖွဲ့ဖွဲ့ပြီးတော့ ဝယ်ပါတယ်” ဟု ဦးတင်နုက ပြောသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်သည့် မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲကို ယခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါစီမံကိန်းကို တိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်တွင် ၂၀၁၆-၂၀၁၇ တွင် စတင်အကောင်အထည်ဖော်ပြီး ကျွန်းစုမြို့နယ်တွင် ၂၀၁၃-၂၀၁၄ တွင် စတင်ခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ် စာရင်းအရ ပုလောမြို့နယ်တွင် ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၂၇ အုပ်စု ရှိသည်။