စပါးရိတ်ချိန် ကိုဗစ်နှင့် ရာသီဥတု နှိပ်စက်ခြင်းခံနေသည့် လယ်သမားများ

0
729
လယ်သမားများ

ယခုနှစ် မိုးစပါးရိတ်သိမ်းချိန်တွင် လယ်သမားများမှာ ကိုဗစ်ရောဂါနှင့် ရာသီဥတု နှစ်ဖက်ညှပ်ပြီး နှိပ်စက်ခြင်းကို ခံစားနေကြရသည်။

မိုးစပါးသည် နိုဝင်ဘာလ ဒုတိယ အပတ်ခန့်တွင် စတင်ရိတ်သိမ်းရတော့ မည်ဖြစ်သည်။ ယခုနှစ် စပါးရိတ်မည့် စရိတ်က ယမန်နှစ်ထက် နှစ်ဆနီးပါးဈေး မြင့်နေသည်။

ယမန်နှစ်က လယ်တစ်ဧကလျှင် ရိတ်သိမ်းစရိတ်မှာ ကျပ်ငါးသောင်း ဝန်းကျင်သာ ရှိသော်လည်း ယခုနှစ်တွင်မူ တစ်ဧက ကျပ်ခုနစ်သောင်းမှ ရှစ်သောင်း အထိဖြစ်နေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့နှင့် ရိတ်သိမ်းချွေ လှေ့စက်ပိုင်ရှင် အချို့က ပြောသည်။

ကွမ်းသီးဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ခန့်လျော့

စပါးရိပ်သိမ်းခြွေလှေ့စက်ရိတ်ခြင်း၊ လူဖြင့်ရိတ်ခြင်း နှစ်မျိုးစလုံး၏ ဈေးနှုန်းမှာ အတူတူနီးပါးပင်ဖြစ်သည်။ သို့သော် လူငှားဖြင့် ရိတ်သိမ်းပါက စပါးလှေ့ခ ထပ်ကုန်ကျမည့်အပြင် ကိုဗစ်ကာလ ဖြစ်နေသဖြင့် အခြားတိုင်းနှင့် ပြည်နယ်တို့မှ စပါးရိတ်သမားများ ဝင်လာမရ သဖြင့် လူငှားမရသည့် အခက်အခဲရှိနေသည်။

ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ် မည်ဆိုပါကလည်း မိုးနှောင်းကာလတွင် မိုးကောင်းနေသဖြင့် စပါးပင်များမြေတွင် ဝပ်နေခြင်း၊ မြေပျော့နေခြင်းတို့ကြောင့် အခက်တွေ့နေကြသည်။
မြေတွင်ဝပ်နေသည့် စပါးကို စက်ဖြင့်ရိတ်ပါက ကုန်စင်အောင်မရိတ်နိုင်ပေ။ ယင်းအပြင် မြေပျော့ထဲ ရိတ်စက် ဆင်းပါက နောက်တစ်နှစ် လယ်ထွန်ချိန်တွင် ထွန်စက်ကြီးဖြင့် တစ်ထပ်၊ ထွန်စက် ငယ်ဖြင့်တစ်ထပ် လယ်ပြန်ထွန်ယက်ရသဖြင့် စိုက်စရိတ် ပိုကုန်ကျမည်ဖြစ် သည်။

“ဒီနှစ်တော့ လယ်သမားတွေ တော်တော် ဒုက္ခဖြစ်မှာ။ စပါးအထွက်နှုန်းကတော့ နှစ်တိုင်းထက် အထွက်ကောင်းတယ်။ အထွက်ကောင်းပြီး ဆုံးရှုံးဖို့ဖြစ် နေတယ်” ဟု လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာမှ လယ်သမား ဒေါ်စိုးစိုးက ဆိုသည်။

ကိုဗစ်ကာလကြောင့် အလုပ်မရှိ သူများနေသဖြင့် ယခုနှစ်တွင် စပါးရိတ်သမားများ ဈေးနည်းနည်းဖြင့် ငှားနိုင်မည်ဟု ထင်နေကြသည်။ ယင်းအပြင် စက်သုံး ဆီဈေးနှုန်းမှာလည်း ယမန်နှစ်ကထက် ကျဆင်းနေသဖြင့် စပါးရိတ်စက်ဈေးနှုန်းလည်း လျော့မည်ဟု လယ်သမားတို့က ခန့်မှန်းထားကြသည်။ လက်တွေ့တွင်မူ မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်နေကြ ရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၈ ခုနှစ်တွင် ချေးငွေထုတ်ချေးပေးထားသော စာရင်းအရ တနင်္သာရီတိုင်းတွင် စပါးစိုက်လယ်ဧက တစ်သိန်းကျော် (၁၁၄၆၆၆ ဧက) ရှိကြောင်း သိရသည်။

ကျော်သူစိုး