ထားဝယ်တွင် လူငါးရာကျော်ကို ပထမဆုံးအကြိမ် လော့ဒေါင်းချထား

0
239

ကိုဗစ်ရောဂါပိုးတွေ့ရှိသူများပြားလာသည့်အတွက် ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေရာအချို့ကို အသွားအလာပိတ်ဆို့ကန့်သတ်မှု လော့ဒေါင်း (Lockdown) ချလိုက်သည်။

အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အဝေးပြေး ကားဝင်းတစ်ခုလုံး၊ အဝေးပြေးကားဝင်းသို့ သွားသည့်လမ်းရှိနေအိမ်များနှင့် နှင်းဆီလမ်းကို အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းက လော့ဒေါင်းချ လိုက်ခြင်းဖြစ်သည်။

လော့ဒေါင်းချထားသည့် ဧရိယာအတွင်း အိမ်ထောင်စု ၁၆၄ စုရှိပြီး လူဦးရေ စုစုပေါင်း ၅၆၀ ဦးရှိကြောင်း ဆင်ဆိပ်ရပ်ကွက် (အိမ်ရှေ့ပြင်) အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လော့ဒေါင်းအချိန်ကို ၁၄ ရက်ကြာ သတ်မှတ်ထားပြီး ယင်းဧရိယာအတွင်း နေထိုင်သူများ အဆင်ပြေစေရန် စားစရာနှင့် ရေသန့်ကို အလှူရှင်များ၏လှူဒါန်းမှုဖြင့် ထောက်ပံ့ထားကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

လော့ဒေါင်းဧရိယာအတွင်းရှိ လူ တစ်ဦးလျှင် တစ်ရက်ဆန်နို့ဆီဘူး နှစ်ဘူးနှုန်း၊ အိမ်ထောင်စုတစ်စုလျှင် ဆီ ငါးဆယ်သား အပါအဝင် စားစရာများနှင့် ရေသန့်ကို ထောက်ပံ့ထားခြင်း ဖြစ်သည်။

ထို့အပြင် ယင်းဧရိယာအတွင်း နေထိုင်သူများအနေဖြင့် ကိုဗစ်သံသယ အပါအဝင် ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ခု ဖြစ်လာပါက ချက်ချင်းပြသနိုင်ရန် ယာယီကျန်းမာရေးဆေးခန်းဖွင့်ထားကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

“လိုအပ်တဲ့ပစ္စည်းဝယ်ချင်တယ်ဆိုလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ဖုန်းနံ ပါတ်တွေ အိမ်တိုင်းပေးထားတယ်” ဟု ၎င်းက ပြောသည်။

အိမ်ရှေ့ပြင်ရပ်ကွက်တွင် အောက်တိုဘာလ ၁၃ ရက်ညက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ကိုဗစ် ရောဂါပိုးတွေ့ခဲ့သည်။ ထို့အပြင် ၎င်းတို့ နှင့် ထိတွေ့ဆက်စပ်သူ ၄၈ ဦးနှင့် စေတနာ့ဝန်ထမ်း အပါအဝင် စုစုပေါင်း ၅၃ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၁၆ ဦးတွင်လည်း ရောဂါပိုး တွေ့ရှိခဲ့သည်။

ပိုးတွေ့လူနာများတွင် အသက်လေးနှစ်အရွယ် ကလေးတစ်ဦးပါဝင်ပြီး အများစုမှာ လူလတ်ပိုင်းဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဥက္ကာက ဆိုသည်။

ယခုလော့ဒေါင်းချမှုသည် ထားဝယ်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။ တနင်္သာရီတိုင်းတွင် ကိုဗစ်ပိုးတွေ့ လူနာဦးရေ တစ်ရာကျော်လာပြီဖြစ်သည်။