မောင်းမကန်ဟိုတယ်ဇုန် သိမ်းဆည်းခံမြေယာနှင့် သီးနှံလျော်ကြေး တစ်ဧက ကျပ်သိန်းကိုးဆယ်နှုန်း ပေးမည်

0
304

မောင်းမကန်ကမ်းခြေ ဟိုတယ်ဇုန် စီမံကိန်းတွင် သိမ်းဆည်းခံ မြေယာ လျော်ကြေးနှင့် သီးနှံနစ်နာကြေးအဖြစ် တစ်ဧကလျှင် ကျပ်သိန်းကိုးဆယ် သတ် မှတ်ထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။

သိမ်းဆည်းခံထားရသည့် မြေတစ် ဧက လျော်ကြေးအဖြစ် ကျပ်သိန်း ၃၀ နှင့် သီးနှံနစ်နာကြေး သိန်း ၆၀ ဖြစ်သည်။

အဆိုပါနေရာရှိ တောင်သူ ၁၁ ဦး ပိုင်ဆိုင်သည့် မြေ ၄၉ ဧကကျော်ကို လျော်ကြေး၊ နစ်နာကြေးပေးနိုင်ရန်အတွက် ထားဝယ်ခရိုင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနထံ ဆက်သွယ်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရက အောက်တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

“သက်ဆိုင်ရာမြို့နယ်ကို ပြန်ပြီး တော့ စိစစ်ခိုင်းထားတယ်။ စာရင်းမှန် မမှန်ပေါ့။ သူတို့ လျော်ကြေးယူ/ မယေူ ပါ့” ဟု ဦးအောင်စိုးမိုးက ပြောသည်။

ယင်းကဲ့သို့ လျော်ကြေးပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနက အကြောင်းကြားလာခြင်းမရှိ သေးကြောင်း၊ ထိုကဲ့သို့ တောင်သူများကို လျော်ကြေးပေးမည်ဆိုပါက လျော်ကြေး၊ နစ်နာကြေးအပြင် ဟိုတယ်ဇုန်အတွင်း မြေတစ်ကွက်စီချပေးစေလိုကြောင်း သိမ်းဆည်းခံတောင်သူတစ်ဦးဖြစ်သူ ဦးမင်းအောင်သူက ဆိုသည်။

“ထားဝယ်ကနှုန်းအတိုင်း သုံးဧကမှာ မြေတစ်ကွက်ဆိုလည်း တစ်ကွက်ပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါဟိုတယ်ဇုန်အတွက် ၁၉၉၂ ခုနှစ်ခန့်ကတည်းက တောင်သူများထံမှ သိမ်းဆည်းထားခြင်းဖြစ်သည်။

ထို့အပြင် မောင်းမကန်ကမ်းခြေ တစ်လျှောက်ရှိ ဘန်ဂလိုပိုင်ရှင်များတွင် မြေဂရန်များ ရှိနေကြသည်။

မောင်းမကန်ကမ်းခြေမြေ ၃၅၄ ဒသမ ၆၄ ဧကပေါ်တွင် ရေးဆွဲထားသော မောင်းမကန်မြို့သစ်နှင့် ဟိုတယ်ဇုန် ဖွံ့ဖြိုးရေး စီမံကိန်းပုံစံအား ၂၀၁၈ ခုနှစ်က ကျင်းပခဲ့သည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် အတည်ပြုထားသည်။

အကောင်အထည်ဖော်မည့် စီမံကိန်းတွင် ဟိုတယ်များ၊ ဘန်ဂလိုနှင့် တည်းခိုရိပ်သာများ၊ အများပြည်သူ အပန်းဖြေ နေရာများ၊ ကားပါကင်နေရာများ စသဖြင့် ပါဝင်သည်။

မြေနေရာမှာ တနင်္သာရီဟိုတယ်အစပ်မှ ထားဝယ်အများပိုင်ကုမ္ပဏီ (DDPC) လုပ်ပိုင်ခွင့်ရ မြေအစပ်ထိ မောင်းမကန်ကမ်းခြေတန်းတစ်လျှောက်မှ အထက်ဘက် မြေနေရာ ဖြစ်သည်။

လက်ရှိတွင် မောင်းမကန်ကမ်းခြေ၌ စားသောက်ဆိုင်များ၊ ပျံကျဆိုင်များ၊ ဘန်ဂလိုများ၊ တည်းခိုခန်းများ၊ ကေတီဗွီများနှင့် ကျူးကျော် နေအိမ်အချို့ရှိသည်။