ထားဝယ်လျှပ်စစ်ဈေး တစ်ယူနစ် ၁၉ ကျပ် လျှော့ပေး၊ သို့သော် တစ်လသာ

0
221

ထားဝယ်ခရိုင်အတွင်း လျှပ်စစ် တစ်ယူနစ်လျှင် ၁၉ ကျပ် လျှော့ချ ကောက်ခံရန် မီးလင်းရေးကုမ္ပဏီကို တိုင်းအစိုးရက ညွှန်ကြားထားသည်။

စက်တင်ဘာလအတွင်း သုံးစွဲခဲ့သည့် လျှပ်စစ်တစ်ယူနစ်များအတွက် တစ်ယူနစ်လျှင် ၂၃၈ ကျပ်အစား ၂၁၉ ကျပ်သာ ကောက်ခံရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးကို Petro & Trans ကုမ္ပဏီက ယမန်နှစ် နှစ်ကုန်ပိုင်းတွင် စတင်လုပ်ကိုင်ခဲ့သည်။

ထိုသို့ လျှော့ချလိုက်သည့်လျှပ် စစ်နှုန်းထားမှာ စက်တင်ဘာလအတွက်သာဖြစ်ပြီး နောက်လတွင်မူ ဈေးနှုန်း အပြောင်းအလဲ ရှိလာနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့နှင့် အထက်ပါကုမ္ပဏီထံတို့မှ သိရသည်။

လက်ရှိတိုင်းအစိုးရက သတ်မှတ်ပေးလိုက်သည့် တစ်ယူနစ်နှုန်းထားမှာ ကုမ္ပဏီအတွက် အဆင်မပြေသည့်အတွက် ဈေးနှုန်းပြင်ဆင်သတ်မှတ်ရန် တိုင်းအစိုးရထံ ပြန်လည်တင်ပြရေး စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ဆိုသည်။

“ဒီဈေးနှုန်းနဲ့ကောက်ခံရင် ဘယ်လောက်အထိ ဆုံးရှုံးနစ်နာနေတယ်ဆိုတဲ့ အခြေအနေကိုတော့ ပြန်လည်တင်ပြဖို့ ပြင်ဆင်ဆောင်ရွက်နေကြပါတယ်” ဟု ၎င်းက ပြောသည်။

အကြောင်းအရင်းမှာ ထားဝယ် ခရိုင်လျှပ်စစ်ထုတ်ရန် လောင်စာအဖြစ် သဘာဝဓာတ်ငွေ့ကို MOGE (မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)ထံမှ ဝယ်ယူနေရသည်။ သဘာဝဓာတ်ငွေ့ ဖိုး ပေးသွင်းရသည့် ဒေါ်လာဈေးနှုန်းကို ရသုံးမှန်းခြေငွေစာရင်းက ခြောက်လတစ်ကြိမ် သတ်မှတ်ပေးသည်။

ယင်းဌာနက သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းအတိုင်းသာ ပေးသွင်းရသည်ဟု လျှပ်စစ်ထုတ်လုပ်နေသည့် အထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ပြောသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယခြောက်လတွင် အမေရိကန်တစ် ဒေါ်လာလျှင် မြန်မာငွေ ၁၅၃၅ ကျပ် သတ်မှတ်ထားသည်ဟု ဆိုသည်။ အဆိုပါ သဘာဝဓာတ်ငွေ့ဖိုးကို အမေရိကန် ဒေါ်လာနှင့်ဝယ်ယူရန် သတ်မှတ်ထား သော်လည်း မြန်မာကျပ်ငွေဖြင့်သာ ပေးသွင်းရကြောင်း အဆိုပါ ကုမ္ပဏီထံ မှ သိရသည်။ လက်ရှိတွင် ပြင်ပပေါက် ဈေးမှာ တစ်ဒေါ်လာလျှင် ၁၃၀ဝ ကျပ် ဝန်းကျင်သာ ဖြစ်သည်။

လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်မူ ဒေါ်လာငွေလဲလှယ်နှုန်းထားကို မသိရသေးကြောင်း ၎င်းက ပြောသည်။

ယခုလသည် ဘဏ္ဍာနှစ်အသစ် ပြန်လည်စတင်သည့်လဖြစ်ရာ ဒေါ်လာ ဈေးသတ်မှတ်ရန် ရှိနေသည်။ အဆိုပါ ဒေါ်လာငွေလဲလှယ်နှုန်းထားအပေါ် မူတည်ပြီး လျှပ်စစ်ယူနစ်ဈေးနှုန်း အပြောင်းအလဲဖြစ်နိုင်ဖွယ် ရှိနေသည်။ ထိုကြောင့် အောက်တိုဘာလသုံးစွဲ ယူနစ်အတွက် သတ်မှတ်မည့် ယူနစ်ဈေးနှုန်းကို တိုင်းအစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့် တင်ဒါခေါ်စဉ်က လောင်စာဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်နှုန်း အတက်အကျ အပေါ် မူတည်၍ သုံးလလျှင် တစ်ကြိမ် လျှပ်စစ်ယူနစ်ဈေးနှုန်းကို ပြင်ဆင်သတ်မှတ်နိုင်သည်ဟု စည်းကမ်းချက် ပါရှိသည်။

လက်ရှိတွင် ရသုံးဌာနက သတ်မှတ်သည့် ဒေါ်လာငွေလဲလှယ်နှုန်းထား အပေါ် မူတည်ပြီး အောက်တိုဘာမှ မတ်လအထိ ယူနစ်ဈေးနှုန်းကို ပြန်သတ်မှတ်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ဆိုသည်။

“အခုဘတ်ဂျက်နှစ်စပြီဆိုရင် အခု တွက်ချက်မှုကို နောက်သတ်မှတ်ဈေးနဲ့ပဲ ပြန်တွက်မှာပေါ့” ဟု ဦးအောင်သူရ က ပြောသည်။

ကုမ္ပဏီလက်မှ သဘာဝဓာတ် ငွေ့လောင်စာဖြင့် လျှပ်စစ်ထုတ်လုပ်မှုက သုံးလပြည့်ပြီဖြစ်သည့်အတွက် စက်တင်ဘာလ သုံးစွဲယူနစ်အတွက် ဈေးနှုန်းပြောင်းလဲသတ်မှတ်ရခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

ရသုံးဌာနက သတ်မှတ်သည့် ငွေလဲလှယ်နှုန်းထားမှာ ၁၅၃၅ ကျပ်ဟု ကုမ္ပဏီဘက်က ပြောဆိုထားသော်လည်း တိုင်းလျှပ်စစ်ဝန်ကြီးကမူ ၁၃၉၅ ကျပ် သတ်မှတ်ထားသည်ဟုဆို သည်။

သဘာဝဓာတ်ငွေ့ဝယ်ယူရာတွင် လက်ရှိငွေလဲလှယ်နှုန်းထားအတိုင်း မဟုတ်ဘဲ ခြောက်လတစ်ကြိမ်သတ်မှတ်သည့် စနစ်ကြောင့် ထားဝယ်ဒေသ မီးသုံးသူများ တင်ဒါစည်းမျဉ်းအတိုင်း ခံစားခွင့်မရရှိဘဲ နစ်နာမှုများရှိနေသည်။

ထို့အပြင် ကိုဗစ်ကာလအတွင်း တစ်လလျှင် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့ ခံစားခွင့်ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုခဲ့သော်လည်း တနင်္သာရီတိုင်းမှာမူ အပြည့်အဝ ခံစားခွင့်မရရှိခဲ့ပေ။

ယင်းသို့သော အခြေအနေမျိုးတွင် မီးသုံးသူများ မနစ်နာမှုမရှိစေရန် တိုင်းအစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း ထားဝယ်မြို့မှ မီးသုံးသူ ပြည်သူတစ်ဦးဖြစ်သော ဦးသန်းဇော်လေး က ဆိုသည်။

“လျှပ်စစ်နဲ့ ပတ်သက်လာရင် အစကတည်းက နစ်နာနေတာ။ အခုထိလည်း နစ်နာနေကြတုန်းပဲ” ဟု ၎င်းက ပြောသည်။

မီးသုံးသူနစ်နာစေသည့် ပြည်ထောင်စုအစိုးရ(MOGE) ၏ သဘာဝ ဓာတ်ငွေ့ဖိုးပေးချေသည့် စနစ်ကို ပြောင်းလဲရန် တိုင်းအစိုးရ အနေဖြင့် သေချာစွာတောင်းဆိုသင့်ကြောင်း တနင်္သာရီသယံဇာတ အကျိုးခံစားခွင့်ရရှိရေးကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးဇော်သူရက ဆိုသည်။

တိုင်းအစိုးရအနေဖြင့် ယင်းပြဿနာ၏ အဓိကတာဝန်အရှိဆုံးဖြစ်သည့် ပြည်ထောင်စုအစိုးရကို မဖြစ် မနေတောင်းဆိုရှင်းပြသင့်ကြောင်း ၎င်းက ပြောသည်။

“ရွေးကောက်ပွဲလည်း နီးတဲ့အတွက် ဘာမှမမျှော်တော့ဘူး။ နောက်အစိုးရပဲ ကောင်းမလားပေါ့နော်၊ ကောင်းမယ်လို့ ပြောတာမဟုတ်ဘူး” ဟု ဦးဇော်သူရက ဆိုသည်။