ကိုယ်စိတ်နှစ်ဖြာကျန်းမာစေရေး ရပ်ရွာဒေသ အပန်းဖြေနေရာများကို မြှင့်တင်ပေး

0
644

ကိုဗစ်မတိုင်မီက ပုံမှန်လည်ပတ်နေသော အချိန်များတွင်ကဲ့သို့ပင်လျှင် ကိုဗစ်ကာလအတွင်း အိမ်တွင်း ဂူအောင်းရသည့် အခြေအနေမျိုးတွင်လည်း ကျွန်တော် တို့ လူသားအားလုံး၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားသည်လည်းကောင်း စိတ်ရွှင် လန်းဖို့ရာ လုပ်ဆောင်စရာများသည်လည်း ကောင်းအရေးကြီးပေသည်။ ဤသို့လျှင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဖြာဖို့ရာ လူသားများအတွက် အထူးသဖြင့် တိုက်တာ အဆောက်အအုံကြီးများအကြား ပိတ်လှောင်မိနေသည်ဟုဆိုနိုင်သော မြို့ပြနေ ပြည်သူများအတွက် ထောင့်တစ်နေရာမှ ကူညီနေသော အပန်းဖြေရာ နေရာများ၏ အရေးပါမှုကို ဖော်ပြလိုပေသည်။

အပန်းဖြေရာနေရာဟု ဆိုလိုက်လျှင် ယေဘုယျအားဖြင့် လူအများအတွက် သက်သောင့်သက်သာဖြစ်ကာ အေးအေး လူလူ နားနေနိုင်သောနေရာ ကိုယ်လက် လှုပ်ရှား အားကစားပြုနိုင်သော အထောက်အကူပြုပစ္စည်းအချို့ ထားရှိပေးထားရာ နေရာ အစိမ်းရောင်ဧရိယာမြက်ခင်း အပင်များ ပန်းပင်များ ရေကန် စသည်တို့ရှိကာ သန့်ရှင်းလတ်ဆတ်သော ဝန်းကျင် မျိုးရှိရာမျိုးကိုဆိုလိုပါသည်။ အချို့သော အပန်းဖြေနေရာများဆိုလျှင် ကလေးများအတွက် ကစားကွင်းပါထည့်သွင်းထား သည်ဖြစ်ရာ လူကြီးရော ကလေးအတွက်ပါ အဆင်ပြေနိုင်ပေသည်။

အပန်းဖြေရာနေရာကောင်းတစ်ခု သည် ရပ်ရွာဒေသတစ်ခုအတွက် အင်မတန် ပင်အဖိုးတန်လှသော အရာတစ်ခုလည်း ဖြစ်ပါသည်။ ရပ်ကွက် (သို့) ဒေသတစ်ခု၏ ကောင်းမွန်စွာလည်ပတ်လျက်ရှိသော အပန်းဖြေစရာနေရာသည် လူငယ်များ အဖို့ ကိုယ်လက်လှုပ်ရှားအားကစားလုပ် ရာနေရာ၊ မိသားစုများ၊ သက်ကြီးရွယ် အိုများအတွက် အပန်းဖြေရာနေရာ ဖြစ်နိုင်သလို အဖွဲ့အစည်းများအတွက်လည်း လူစုရပ်ဖြစ်နိုင်သေးသည်။ မြန်မာ နိုင်ငံတွင်မူ ရပ်ရွာအတွင်းရှိ အပန်းဖြေ နေရာ အများစုမှာ ပန်းခြံများ၊ ရေကန် နံဘေးရှိ အစိမ်းရောင်ဧရိယာများဖြစ်ကြ၏။ ယခုကာလကဲ့သို့ ကမ်းခြေများ၊ ရေတံခွန်များ၊ ဘုရားစေတီများ ပိတ်ထားကာ ခရီးသွားလာမှုပိတ်ထားချိန်တွင် မိမိတို့ ရပ်ကွက် မြို့နယ်ရှိ ပန်းခြံကဲ့သို့သော အပန်းဖြေနေရာများမှာ ပြည်သူများ၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာရေးအတွက် အားထားရသော နေရာများ ဖြစ်လာပေသည်။

အားကစားလုပ်ဆောင်နိုင်ရန် အထောက်အကူပြု ပစ္စည်းများထားရှိ ပေးထားသော အပန်းဖြေရာ ‌နေရာတစ်ခုသည် လူငယ်များ၏ ဘဝများကိုတစ်နည်း တစ်ဖုံ ကူညီပေးသည်။ အန္တရာယ်ကင်း၍ ပြည့်စုံသော အားကစားဆိုင်ရာ ကိရိယာ များထားရှိပေးထားသော နေရာသို့ လူငယ်များလာရောက်ကာ ကျန်းမာရေးအတွက် အက၊ ယောဂကျင့်ခြင်း၊ ကိုယ်ခံပညာ လေ့ကျင့်ခြင်း၊ ကြက်တောင်၊ ဘက်စကက်ဘော စသည်တို့လာရောက်ကစားကြသည်ဟု ဆိုလျှင် ထိုလူငယ်များအဖို့ ကျန်းမာရေးအတွက် ဒိဋ္ဌအကျိုးရှိသလိုပင် အစုအဖွဲ့ အသင်းအပင်းနှင့် လုပ်တတ် ကိုင်တတ်အောင် အလေ့အထကိုပျိုး ထောင်ပေးရာလည်း ရောက်ပါသည်။

ထိုသို့သော အပန်းဖြေရာနေရာမျိုးတွင် ကလေးများအတွက်ပါ အန္တရာယ် ကင်းကင်း ဆော့ကစားနိုင်ရန်၊ အားကစား လုပ်နိုင်ရန် လိုအပ်သော ပစ္စည်းကိရိယာ များထားရှိပေးထားလျှင်၊ ထိုကိရိယာများကို ကလေးများအတွက် အဆင်ပြေအောင် ကြည့်ရှုစီမံပေးသည့် သူလည်းရှိလျှင် ထိုအပန်းဖြေရာနေရာသည် အလုပ် များလွန်းသော မိဘများအဖို့ အချိန်ပိုင်း ကလေးထိန်းကျောင်းလည်းဖြစ်နိုင်သေးသည်။ ထိုသို့သော မိဘများအတွက်ဆိုလျှင် ရပ်ကွက်ထဲရှိ လမ်းပေါ်တွင် ကလေး များဆော့နေခြင်းထက် ထိုသို့သော အပန်းဖြေနေရာမျိုးတွင် ရှိနေခြင်းက ပို၍ စိတ် သက်သာရာရနိုင်ပေမည်။ အမေရိကရှိ ချီကာဂို တက္ကသိုလ်က သုတေသနတစ်ခု ပြုလုပ်ထားရာ ထိုသုတေသန၏ ဖော်ပြ ချက်အရဆိုလျှင် အပန်းဖြေရာနေရာ အဆောက်အအုံသို့ သွားကာ ကိုယ်လက် လှုပ်ရှား အားကစားပြုခြင်မျိုးသည် လူတစ်ယောက်အတွက် ကျန်းမာရေးကို အလေးထားလာစေသည်သာမက မူးယစ် ဆေးသုံးခြင်းကဲ့သို့သော အကျင့်ဆိုးများကို လျော့ကျစေနိုင်သည်ဟုဆိုထား ပါလေသည်။

ရပ်ရွာဒေသတစ်ခုရှိ လူငယ်များ ကျန်းမာကြံ့ခိုင်ခြင်း၊ စည်းလုံးညီညွတ် ကြခြင်းမျိုးက ထိုလူငယ်များအဖို့ ဖန်တီးနိုင်စွမ်းနှင့် လုပ်ရည်ကိုင်ရည်နှင့် အားအင် ဖြိုးပြည့်စေကာ ယင်းတို့၏ ရပ်ရွာဒေသသည်လည်း ကြံ့ကြံ့ခံနိုင်စွမ်းရှိသော အရှည်ဖွံ့ဖြိုးတိုးတက်သော အရပ်ဒေသတစ်ခု ဖြစ်လာစေနိုင်ပေ၏။

အချို့သော အပန်းဖြေနေရာများတွင် ကလေးများအတွက် အထူးသီးသန့် ပြုလုပ်ထားသော သင်ယူလေ့လာရန် နေရာများ၊ အစီအစဉ်များပင်ထားရှိ ပေးထား၏။ ဥပမာ၊ ကလေးတစ်ယောက်သည် မိဘများနှင့်အတူ အပန်းဖြေစခန်း သို့လာရောက်ရင်း နံရံရှိ အရောင်များကို ပုံများနှင့်တွဲ၍လေ့လာခြင်း၊ သင်္ချာတွက် ဂိမ်းကစားနိုင်ခြင်း၊ အပင်များ၊ လိပ်ပြာများ၊ ငှက်များအကြောင်း လေ့လာခြင်း စသည်တို့ပြုလုပ်နိုင်သလို ပန်းခြံများတွင် ကျင်းပသည့် ကလေးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမျိုးလည်း ပြုလုပ်နိုင်ပေသည်။ ဤသို့လျှင် အပန်းဖြေရာ နေရာများသည် ကလေးများအဖို့ စာသင်ခန်းပြင်ပ ပညာရပ်များကို လက်တွေ့ အသုံးချ သင်ယူလေ့လာနိုင်သော နေရာလည်းအဖြစ်လည်း အသုံးဝင်ပေသည်။

တက်ကြွသော ဘဝနေထိုင်မှုပုံစံရှိခြင်းက ကျန်းမာပျော်ရွှင်သော ဘဝဖြစ်လာစေရန် အခြေခံအုတ်မြစ်ဖြစ် ကြောင်းဆိုလေ့ရှိကြ၏ တက်ကြွသော ဘဝနေထိုင်မှုပုံစံဟူသည် ကိုယ်လက် လှုပ်ရှား ကျန်းမာရေးဂရုထားသော တက်တက်ကြွကြွ နေထိုင်မှုပုံစံကိုညွှန်းပါသည်။ စစ်တမ်းတစ်ခုတွင် အသက် ၆၅ နှစ်အောက် အရွယ်ရှိပြီး ပုံမှန် ကာယ လေ့ကျင့်ခန်းများပြုလုပ်ကြသူများသည် လေ့ကျင့်ခန်းတစ်ခုခု မလိုက်စားသူများနှင့်ယှဉ်လျှင် မကျန်းမမာဖြစ်ခြင်းကြောင့် ဆေးကုသမှုခံယူရသည့် စရိတ်ကို အတော်များများ လျှော့ချနိုင်သည်ဟု ဆိုထားပေသည်။

အပန်းဖြေရာနေရာအများစုသည် အသက်အရွယ်အစုံလာရောက်နိုင်သည့် နေရာမျိုးဖြစ်ခြင်းကြောင့် လမ်းလျှောက်ခြင်း၊ အားကစားလေ့ကျင့်ခြင်း၊ လက်မှု ပစ္စည်းများ ရိုးရာယဉ်ကျေးမှုနှင့် စပ်သော အစီအစဉ်များပြုလုပ်ခြင်းများပြုလုပ်နိုင်ကာ ရပ်သူရွာသားတို့ တွေ့ဆုံရာ ဆွေးနွေးရင်ဖွင့် သတင်းဖလှယ်ရာ နေရာ လေးလည်းဖြစ်နိုင်ပေသည်။ ကိုဗစ် ကာလတွင်ပင် ရပ်ကွက်သူ/သား အချင်း ချင်း အပန်းဖြေရာ ပန်းခြံကဲ့သို့နေရာများတွင် ညနေခင်း အားကစားလုပ်ရင်း ခပ် ခွာခွာတွေ့ဆုံ စကားပြောရင်း စိတ်မွန်း ကျပ်မှုများကိုဖြေလျှော့နိုင်ပေ၏။

သင်နေထိုင်ရာအရပ်တွင် ပန်းခြံ၊ အပန်းဖြေနေရာရှိခဲ့ပါက ထိုနေရာများသည် သင်၏အိမ်ခြံမြေဈေးကိုလည်း သွယ်ဝိုက်သော နည်းဖြင့် အကျိုးပြုသည်ကို တွေ့ရမည်။ စစ်တမ်းတစ်ခု၏ တွေ့ရှိချက်အရ အပန်းဖြေရိပ်သာ၊ ပန်းခြံ၊ ရေကန်တို့နှင့် ပေ ၁၅၀ဝ ခန့် အနီးအနားဝန်းကျင်တွင်ရှိသော အိမ်ရာဈေးသည် ပျမ်းမျှ ပေါက်ဈေးထက် ၈ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ဈေးမြင့်လေ့ရှိသည်ဟု ဆိုပါသည်။ အချို့နိုင်ငံများတွင် ဤကဲ့သို့ ဈေးမြင့်သော အိမ်ခြံမြေများကို အခွန် ပိုကောက်တတ်ရာ အပန်းဖြေစရာနေရာ ပန်းခြံရှိသော အနီးအနားသည် အစိုးရများအတွက် အခွန်ပို၍ ရသော နေရာများလည်းဖြစ်လာပေသည်။

ကောင်းမွန်သော အပန်းဖြေနေရာ တစ်ခုသည် ရပ်ရွာတစ်ခုလုံးကို ရေမြင့် ကြာတင့်ဖြစ်စေနိုင်သည်။ နည်းပြများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ စသူတို့ သည် အပန်းဖြေရိပ်သာများတွင် မိမိတို့ ကျွမ်းကျင်ရာ ပညာများကို လူငယ်များထံ လက်ဆင့်ကမ်းခြင်းဖြင့် အတ္တဟိတ ပရဟိတ အလုပ်ဖြစ်ကြသည်။ ဤသို့ သော အပန်းဖြေရာ အားကစားရိပ်သာများ ပန်းခြံ ရေကန်များက ဒေသတစ်ခု အဖို့ ဂုဏ်ယူ ဝင့်ကြွားစရာလည်းဖြစ်နိုင်သည်။ ရပ်သူရွာသား အချင်းချင်းရိုင်းပင်း ကူညီရန်၊ ရပ်ရေးရွာရေး စုစုရုံးရုံး ဆောင်ရွက်ရန်၊ အတူတကွ သင်ယူလေ့လာကြရန် စသော အရာများအတွက် အပန်းဖြေစခန်းမြေက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေတတ်ပြန်ပါသည်။ နောက် ထိုသို့သော အပန်းဖြေစခန်း မြေကလေးကို အမှီပြု၍ မိမိတို့၏ အိမ်ခြံမြေများ နေရာကောင်း ဈေးကောင်းရသော အဖြစ်မျိုးလည်း ရှိပါပေသည်။ ယနေ့ကဲ့သို့ ရောဂန္တရကပ်ဆိုက်နေသော အခါမျိုး၌ အိမ်ထဲတွင် မိုးလင်းမိုးချုပ် နေကြရသဖြင့် ရေရှည်တွင် ကိုယ်ရော စိတ်ပါ နွမ်းလျ ပင်ပန်းကာ မမာဖြစ်နိုင် ပေသည်။ အဝလွန်သော ရောဂါမျိုးရနိုင် ချေရှိပေ၏။ စိတ်ဓာတ်ကျဆင်းသော စိတ်ကျဝေဒနာမျိုးစွဲကပ်ကာ မတော်လျှင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်း မျိုးပင်ဖြစ်သွားနိုင်ပေ၏။ ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ ကျန်းမာရေးကို ဂရုထားသည့် အနေဖြင့် မနက်စောစော သို့မဟုတ် ညနေခင်းများတွင် အနီးအနားရှိ အပန်းဖြေနေရာများသို့ သွားကာ ကိုဗစ်ဘေးကိုလည်း ဂရုထားလျက် အပန်းဖြေခြင်းပြုသင့်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူများ၏ ရေရှည် ကိုယ်စိတ် ကျန်းမာရေးကို အလေးထားကာ အရှည်ကိုမျှော်၍ ကိုဗစ် ကာလအတွင်း အများပြည်သူ အန္တရာယ် ကင်းစွာ အပန်းဖြေအနားယူနိုင်ရန် အများပြည်သူနှင့်ဆိုင်သော နေရာများကို ပြင်ဆင်ပေးခြင်း၊ လိုအပ်သော စည်းကမ်း ချက်များထုတ်ခြင်းကို ပြုသင့်လှပေသည်။