ငါးဖမ်းကွက်များ ပြန်ဖွင့်ပေးရေး နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့ထံ တောင်းဆိုမည်

0
1474

ကော့သောင်းခရိုင် ပင်လယ်ရေပြင်အတွင်း ပိတ်ထားသည့်ငါးဖမ်းကွက်များ ပြန်ဖွင့်ပေးရေးအတွက် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ စာပို့တောင်းဆိုသွားမည်ဖြစ်ကြောင်း ကော့သောင်းရေလုပ်သားများထံမှ သိရသည်။


ကော့သောင်းရေပြင်ကို မြောက်လတ္တီတွဒ်၁၀ဒီဂရီနှင့် ၁၁ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀မှ၉၈ ဒသမ ၃၀ ဒီဂရီကြား ငါးဖမ်းခွင့်ပိတ်လိုက်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က ဇန်နဝါရီလ၁၆ရက်နေ့တွင် ထုတ်ပြန်ထားသည်။


ကော့သောင်းပုလုံးတုံတုံးကမ်းခြေအနီး အပြင်ဘက်မိုင်၆၀ခန့်၊ ၎င်းမှ မြောက်ဘက်ကော့ရဲကြီးကျွန်း၏အပြင်ဘက် မိုင်၆၀ခန့်အတွင်း ကမ်းဝေးလှေများကိုငါးဖမ်းခွင့် ရက်အကန့်အသတ်မဲ့ ငါးဖမ်းခွင့်ပိတ်လိုက်ခြင်း ဖြစ်သည်။


ပိတ်လိုက်သည့်ဧရိယာမှာအတွင်း ဇာဒက်ကြီး၊ သူရဲကောင်းကျွန်းအုပ်စု၊ ရွှေကျွန်း၊ ဂျလမ်းကျွန်း၊ ကျွန်းဖီလာ၊ ငမန်းကျွန်း၊ ငမုတ်ကျွန်း၊ လန်ပိကျွန်း၊ ကျွန်းမဲကြီးစသည့် ကမ်းဝေးလှေတို့ငါးဖမ်းနေသည့် ကျွန်းအနီးရေပြင်များပါဝင်သည်။


ယင်းရေပြင်သည် ကော့သောင်းနှင့် မြိတ်ခရိုင်မှ ကမ်းဝေးငါးဖမ်းလှေတို့ ငါးဖမ်းနေသည့် ငါးဖမ်းလုပ်ကွက်ကြီးလေးကွက် ဖြစ်သည်။


ယင်းငါးဖမ်းကွက်များ ပြန်ဖွင့်ပေးရန် ရေလုပ်သားများနှင့် လှေပိုင်ရှင်များကလက်မှတ်ရေးထိုးကာ ယခုလ၂၅ရက်နေ့တွင် စာပို့တောင်းဆိုသွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌဦးမင်းလွင်က ပြောသည်။


ယင်းသို့ စာပို့တောင်းဆိုပြီးနောက် သမ္မတရုံးနှင့်နိုင်ငံတော်၏အတိုင်ပင်ခံရုံးတို့မှ တစ်စုံတရာတုံ့ပြန်မှုကို အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်သွားမည်ဖြစ်ပြီး အကယ်၍ မတုံ့ပြန်လာပါက ကိုဗစ်ကပ်ကာလပြီးဆုံးသည်နှင့် လမ်းပေါ်တက်ဆန္ဒပြတောင်းဆိုမည့် နည်း လမ်းကိုရွေးချယ်သွားမည်ဟု ဦးမင်းလွင်က ပြောသည်။


“ဒီကြားထဲမှာပဲ နိုင်ငံတော်အတိုင်ပင်ခံတို့ သမ္မတရုံးတို့က ဖြေလျော့တဲ့နည်းလမ်းတွေလာမယ်ဆိုရင်တော့ ကျွန်တော်တို့ဆန္ဒပြစရာမလိုဘူး။ မလာဘူးဆိုရင်တော့ ကျွန်တော်တို့ဆက်လုပ်မှာပဲ” ဟု ဦးမင်းလွင်က ပြောသည်။


ကော့သောင်းရေလုပ်သားသည် ယင်းငါးဖမ်းကွက်များ ပြန်ဖွင့်ပေးစေရေး ကော့သောင်းခရိုင်ငါးဦးစီးရုံး ရှေ့၌ဆန္ဒ ပြရန်ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ရက်နေ့က စီစဉ်ခဲ့ဖူးသေးသည်။


သို့သော်ယင်းအစီအစဉ်ကိုဆိုင်းငံ့ကာ ဦးမင်းလွင်နှင့်ကော့သောင်းရေလုပ်သား ကိုယ်စားလှယ်တို့က အမျိုးသားလွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးရေးရာ ကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ၏ ရေလုပ်ငန်းနှင့်ဆက်စပ်သောဝန်ကြီးဌာနများ တွေ့ဆုံကြားနာညှိနှိုင်းမည့်ပွဲမှ ထွက်ရှိလာမည့်အဖြေကို စောင့်ဆိုင်းသည်။


ယခု ၎င်းတွေ့ဆုံပွဲရလဒ်ထွက်ပေါ်လာရာ ငါးဖမ်းကွက်များပြန်ဖွင့်ပေးမည့် အချက်များမပါဝင်ခဲ့သဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ဦးမင်းလွင်နှင့် ရေလုပ်သားတို့က ပြောကြသည်။


လက်ရှိတွင် ကော့သောင်းရှိငါးဖမ်းလှေအများစုက ရပ်ဆိုင်းထားသည်ဟု ၎င်းတို့က ပြောသည်။
ယခုပိတ်ခြင်းမှာကမ်းနီးလှေနှင့် ကမ်းနီးငါးဖမ်းလုပ်ကွက်(ကမ်းမှပင်လယ် သို့ဆယ်မိုင်) မပါဝင်ပေ။


ကော့သောင်းရှိတစ်နိုင်တစ်ပိုင် ငါးဖမ်းလှေအများစုမှာ ယင်းလှေ/စက်အရွယ်အစားထက်ကြီးမားနေပြီး ဖွင့်ပေးထားသည့်ဆယ်မိုင်အတွင်းတွင်လည်း ငါးဖမ်းလေ့မရှိကြောင်း ကော့သောင်းမှ ရေလုပ်သားတို့က ပြောကြသည်။


ကော့သောင်းတွင် ယင်းသို့ကမ်းနီးမဟုတ်သည့် အရွယ်လွန်ငါးဖမ်းလှေ (ငါးလုပ်ငန်းဌာန စာရင်းအရ) ၈၀ဝ ကျော်ရှိကြောင်း ကော့သောင်းခရိုင်ငါးဦးစီးရုံးထံမှ သိရသည်။


လက်ရှိတွင်ထိုလှေများအပါအဝင် ကမ်းဝေးငါးဖမ်းလှေများအနေဖြင့် ယခုပိတ်လိုက်သည့်ငါးဖမ်းလုပ်ကွက်များကို ပြန်မဖွင့်ပေးပါက ကော့သောင်းရေလုပ်ငန်း ရှေ့ဆက်ရန်မလွယ်ကူတော့ဟု ရေလုပ်သားတို့က ပြောကြသည်။


“ဒီရေကွက်တွေအကုန်ပိတ်လိုက်ရင် လှေပဲရှိပြီးငါးဖမ်းဖို့ ရေမရှိတော့ ရေလုပ်သားရော လှေပိုင်ရှင်တွေရော အကုန်လုံးကထမင်းငတ်ဖို့ပဲရှိတော့တယ်။ ဒီလိုသာ ပိတ်လို့ရှိရင် ကျွန်တော်တို့ဆန္ဒပြမှာ ပဲ” ဟုကော့သောင်းငါးဖမ်းလှေပိုင်ရှင်တစ်ဦးက ပြောသည်။